ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စဉ်းစားထားခြင်းမရှိသေးကြောင်း ပြောကြားလာတဲ့ အမ်မရီ
လွန်ခဲ့တဲ့ နှစ်လတုန်းက အမ်မက်စ်ကွင်းမှာ ဘရိုက်တန်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့စဉ်က ဗီလာက ၄-၃ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါပေမဲ့ အမ်မရီရဲ့ ဗီလာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၂ ပွဲသာ အနိုင်ရရှိထားတာကြောင့် အဆင့် ၄ အတွင်းဝင်ဖို့ အခြေအနေက သိပ်ပြီး အားရစရာမရှိသေးပါဘူး။
လက်ရှိမှာ ဗီလာက ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဇယားထိပ်က အာဆင်နယ်နဲ့ ၉ မှတ်အကွာမှာ ရှိနေပါတယ်။ ချဲလ်ဆီးနဲ့ ယူနိုက်တက်တို့ကလည်း အမှတ်ချင်း နီးကပ်လာတာကြောင့် ဗီလာတို့ အမှတ်တွေ စတင်စုဆောင်းဖို့ လိုအပ်နေပါပြီ။
ဒါပေမဲ့ အမ်မရီကတော့ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခုကတည်းက စိတ်ပူမနေသေးပါဘူး။ အဆင့် ၆ နေရာက လီဗာပူးနဲ့ ၈ မှတ်အထိ ကွာဟနေတဲ့ အခြေအနေအပေါ် သူက အခုလို ပြောပါတယ်။
"ကျွန်တော်တို့ ရာသီကုန်မှာ ဘာဖြစ်မလဲဆိုတာကို မစဉ်းစားသေးပါဘူး။ အခု လက်ရှိအချိန်ကိုပဲ အာရုံစိုက်နေပါတယ်။ စက်တင်ဘာတုန်းက ကျွန်တော်တို့ ဘယ်လိုအခြေအနေ ရှိခဲ့လဲဆိုတာကိုလည်း ပြန်ပြောမနေတော့ပါဘူး။ အခုသွားနေတဲ့ လမ်းကြောင်းကို သဘောကျသလို အကောင်းဆုံးလည်း ယှဉ်ပြိုင်နေပါတယ်။ ဒီရာသီမှာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ ပုံစံအပေါ် စိတ်ကျေနပ်မှုရှိပါတယ်။ ရလဒ်တွေက တစ်ခါတလေ အတက်အကျ ရှိတတ်ပေမဲ့ အဆိုးထက် အကောင်းက ပိုများပါတယ်။
အခု အိမ်ကွင်းမှာ နှစ်ပွဲဆက် ရှုံးခဲ့တာကိုလည်း ဘာကြောင့်လဲဆိုတာ နားလည်ပါတယ်။ မနက်ဖြန်မှာတော့ ဗီလာပတ်ခ်မှာ စိန်ခေါ်မှုအသစ် ရှိနေပါပြီ။ အင်အားအပြည့်၊ အာရုံစိုက်မှုအပြည့်နဲ့ ပြိုင်ဘက်ကောင်းတစ်သင်းကို ယှဉ်ပြိုင်နိုင်ဖို့ ပြင်ဆင်သွားမှာပါ။ ကျွန်တော်တို့ရဲ့ ပရိသတ်တွေရှေ့မှာ ကစားရတာက အမြဲတမ်း ထူးခြားတဲ့ ခံစားချက်တစ်ခုပါပဲ" လို့ အမ်မရီက ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ အမ်မရီရဲ့အောက်မှာ ခြေစွမ်းပြနေတဲ့ မန်ယူအငှားကစားသမား ဂျေဒန်ဆန်ချိုရဲ့ အကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆန်ချိုဟာ ရာသီကုန်မှာ စာချုပ်ကုန်ဆုံးမှာဖြစ်လို့ ဗီလာအနေနဲ့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခွင့်ရမယ့် အခြေအနေ ရှိနေတာပါ။ ဆန်ချို အသင်းမှာ ဆက်ရှိမလားဆိုတဲ့အပေါ် အမ်မရီက အခုလို မှတ်ချက်ပေးပါတယ်။
"သူ့ရဲ့ အနာဂတ်အတွက်တော့ အခုထိ ဘာသတင်းမှ မရှိသေးပါဘူး။ ဒါပေမဲ့ သူက တကယ်ကို ထူးချွန်တဲ့ ကစားသမားပါ။ အခု သူလုပ်ပြနေသလိုပဲ သူ့ရဲ့ အရည်အချင်းတွေနဲ့ အသင်းကို ဆက်ပြီး ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ သူ စာချုပ်သစ်တစ်ခုတော့ ထပ်လိုပါလိမ့်မယ်။ ဒီမှာပဲ ဆက်ရှိမလားဆိုတာကတော့ သူ အကောင်းဆုံး ခြေစွမ်းပြနိုင်ရင် ကျွန်တော်တို့က သူ့ကို အလိုရှိမှာပါ။ ဒါပေမဲ့ သူ တကယ်တော်နေရင် တခြားအသင်းတွေကလည်း သူ့ကို လိုချင်ကြမှာပဲလေ။ ဒါက ဘောလုံးလောကရဲ့ သဘာဝပါ။ ပွဲတိုင်း၊ လတိုင်းက ကစားသမားတိုင်းအတွက် အရမ်းကို အရေးကြီးပါတယ်" လို့ ၎င်းက ပြောဆိုခဲ့ပါတယ်။
ဗီလာဟာ ဘရိုက်တန်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် ၉ ပွဲမှာ ၇ ပွဲအထိ အနိုင်ရရှိထားပါတယ်။ မန်ယူနဲ့ ဝက်စ်ဟမ်းပွဲစဉ် ရလဒ်အပေါ် မူတည်ပြီး ဗီလာသာ အနိုင်ရခဲ့မယ်ဆိုရင် မန်ယူနဲ့ အမှတ်ကွာဟချက်ကို ၆ မှတ်အထိ ချဲ့ထွင်နိုင်မှာလည်း ဖြစ်ပါတယ်။