မာတီတာအနေနဲ့ ဒဏ်ရာကို ခွဲစိတ်ကုသဖို့မလိုအပ်ကြောင်း ဂလက်စနာ အတည်ပြု
ခရစ္စတယ်ပဲလေ့စ်အသင်းနည်းပြ အိုလီဗာဂလက်စနာက တိုက်စစ်မှူး ဂျင်းဖီးလစ်မာတီတာရဲ့ ဒဏ်ရာအခြေအနေနဲ့ အသင်းမှာ ဆက်ရှိမယ့် သူ့ရဲ့အနာဂတ်အကြောင်းကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အပြောင်းအရွှေ့ပိတ်ခါနီး နောက်ဆုံးရက်မှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်ချက်တွေအရ မာတီတာမှာ ဒူးဒဏ်ရာရှိနေတာကို တွေ့ရှိခဲ့ရတာကြောင့် အေစီမီလန်အသင်းဆီ ပြောင်းရွှေ့မယ့်အစီအစဉ်ဟာ ပျက်ပြားသွားခဲ့ရပါတယ်။
ဒါပေမဲ့ တနင်္လာနေ့မှာ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးနောက်မှာတော့ အဆိုပါဒဏ်ရာအတွက် ခွဲစိတ်မှုခံယူဖို့ မလိုအပ်ဘူးလို့ ဂလက်စနာက နောက်ဆုံးပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ အတည်ပြု ပြောကြားခဲ့ပါတယ်။
"အနည်းဆုံးတော့ နွေရာသီအထိ ခရစ္စတယ်ပဲလေ့စ် ကစားသမားအဖြစ် ဆက်ရှိနေမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသွားတာက သူ့အတွက် အခုချိန်မှာ အရေးကြီးဆုံးပါပဲ။ လောလောဆယ်မှာ သူ ခွဲစိတ်မှုခံယူဖို့ မလိုအပ်တဲ့အတွက် ရှေ့လာမယ့် သီတင်းပတ်အနည်းငယ်အတွင်း ကျွန်တော်တို့ ဘာတွေလုပ်ဆောင်ရမလဲဆိုတာ ပြတ်သားသွားပါပြီ။ အခုလို ရှင်းလင်းပြတ်သားမှုရှိသွားတာက အရေးကြီးဆုံးအချက်ပါပဲ" လို့ ဂလက်စနာက ဆိုပါတယ်။
ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူး မာတီတာဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ ဝုလ်ဗ်အသင်းကနေ ရောက်ရှိလာတဲ့ အသင်းရဲ့စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ဂျော်ဂန် စထရင်း လာဆင်နဲ့ အတူတူ ကစားရတော့မှာဖြစ်ပါတယ်။
မာတီတာဟာ အစ်စမိုင်လာ ဆားနဲ့အတူ ပြိုင်ပွဲစုံမှာ ၁၀ ဂိုးစီသွင်းယူပြီး ပဲလေ့စ်အသင်းရဲ့ ဂိုးအများဆုံးသွင်းထားသူတွေအဖြစ် ပူးတွဲရပ်တည်နေတာဖြစ်ကာ သူ ဒဏ်ရာကနေ ပြန်လာတဲ့အခါ အသင်းအတွက် အစွမ်းကုန်ပေးဆပ်ကစားလိမ့်မယ်လို့ ဂလက်စနာက ယုံကြည်နေပါတယ်။
"ဂျေပီ (မာတီတာ) အနေနဲ့ ပဲလေ့စ်အသင်းအင်္ကျီကို ထပ်မံဝတ်ဆင်ပြီး ကွင်းထဲပြန်ဝင်လာတဲ့အခါ သူ့ရဲ့အစွမ်းအစတွေကို အကောင်းဆုံး ချပြနိုင်လိမ့်မယ်လို့ ကျွန်တော် ရာနှုန်းပြည့် ယုံကြည်ပါတယ်။ သူဟာ အကောင်းဆုံး အားပေးမှုတွေနဲ့ ထိုက်တန်သူတစ်ဦးဖြစ်သလို ကျွန်တော်တို့ ပရိသတ်တွေကလည်း သူ့ကို အပြည့်အဝ အားပေးကြလိမ့်မယ်လို့ ကျွန်တော် စိတ်ချလက်ချ ပြောရဲပါတယ်။ ပရိသတ်တွေက သူ ခရစ္စတယ်ပဲလေ့စ်အတွက် လုပ်ပေးခဲ့တာတွေကို အမြဲတမ်း တန်ဖိုးထားကြပါတယ်" လို့ ၎င်းက ပြောကြားခဲ့ပါတယ်။
သတင်းများအရ မာတီတာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာချိန် မတ်လ နိုင်ငံတကာပွဲစဉ်များအပြီးတွင် အသင်းအတွက် ပြန်လည်ကစားပေးနိုင်ဖွယ်ရှိနေပြီး လိဒ်ယူနိုက်တက်နဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်မှာ ကွင်းအတွင်း ပြန်လည်မြင်တွေ့ရနိုင်ခြေ ရှိနေပါတယ်။