ဘာစီလိုနာနဲ့ မက်ဆီကြားက ဆက်ဆံရေးကို ပြန်လည်ပြုပြင်သွားမယ်လို့ဆိုလာတဲ့ ဗစ်တာဖောင့်
ဘာစီလိုနာအသင်းရဲ့ ဥက္ကဋ္ဌလောင်းဖြစ်သူ ဗစ်တာဖောင့်က အသင်းနဲ့ လီယွန်နယ်မက်ဆီကြားက ဆက်ဆံရေးကို ပြန်လည်ပြုပြင်ဖို့က သူ့အတွက် အဓိကဦးစားပေးလုပ်ဆောင်ရမယ့်အချက် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
ဖောင့်ဟာ လာမယ့် မတ်လမှာကျင်းပမယ့် ရွေးကောက်ပွဲမှာ လက်ရှိဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာကို ယှဉ်ပြိုင်သွားမှာဖြစ်ပြီး လက်ရှိဘုတ်အဖွဲ့က မက်ဆီအပေါ် ဆက်ဆံခဲ့တဲ့ပုံစံကို ပြန်လည်တည့်မတ်ရမယ်လို့ အခိုင်အမာဆိုပါတယ်။
El Larguero နဲ့ အင်တာဗျူးမှာတော့ ဖောင့်က လာပေါ်တာကို ဝေဖန်ခဲ့ပြီး "မက်ဆီ အသင်းကနေ ထွက်ခွာသွားချိန်ကတည်းက သူနဲ့ပြန်လည်သင့်မြတ်ရေးဟာ အဓိကဦးစားပေး ဖြစ်သင့်ခဲ့တာပါ" လို့ အတိအကျ ပြောဆိုခဲ့ပါတယ်။
"သူ (မက်ဆီ) က ကမ့်နူးကွင်းထဲကို ခိုးကြောင်ခိုးဝှက် ဝင်လာနေရတာမျိုး၊ ကျွန်တော်တို့က လီယိုနဲ့ အဆက်အသွယ်ဖြတ်ပြီး ရီးရဲလ်မက်ဒရစ်နဲ့တော့ အဆက်အသွယ်မဖြတ်တာမျိုးတွေဟာ တကယ်ကို ခွင့်မလွှတ်နိုင်စရာပါပဲ" လို့ သူက ထပ်လောင်းပြောပါတယ်။
အင်တာဗျူးအတွင်း နောက်ထပ်ထင်ရှားတဲ့ အကြောင်းအရာတစ်ခုကတော့ ဘာစီလိုနာနည်းပြဟောင်း ဇာဗီဟာနန်ဒက်ဇ် အကြောင်းပဲ ဖြစ်ပါတယ်။
အသင်းရဲ့ဂန္ထဝင်ကစားသမား ဇာဗီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတုန်းက ဖောင့်ရဲ့ အားအကိုးရဆုံးသူဖြစ်ခဲ့ပြီး အခုရွေးကောက်ပွဲမှာလည်း ဖောင့်ကို ထပ်ပြီးဝန်းရံပေးနေပါတယ်။ ဇာဗီဟာ အသင်းမှာ ရာထူးတစ်ခုခု ရယူမှာမဟုတ်ဘူးလို့ ဖောင့်ကိုယ်တိုင်က ကြေညာထားပေမဲ့ လက်ရှိဘုတ်အဖွဲ့အပေါ် အရမ်းစိတ်ပျက်နေတာကြောင့် အခုလိုပဲ ထပ်မံထောက်ခံပေးနေတာ ဖြစ်ပါတယ်။
"ဇာဗီက သူအရမ်းအလိမ်ခံလိုက်ရသလို ခံစားနေရတယ်၊ သူလိုချင်တာက အသင်းရဲ့ပုံစံကို ပြောင်းလဲဖို့၊ ခေတ်မီအောင်လုပ်ဖို့နဲ့ ဥက္ကဋ္ဌတစ်ဦးတည်းရဲ့ အလိုကျ စီမံခန့်ခွဲနေတာတွေကို ရပ်တန့်ဖို့ပဲ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
အကယ်၍ သူသာ အနိုင်ရခဲ့ရင် ရီးရဲလ်မက်ဒရစ်နဲ့ ဆက်ဆံရေးဖြတ်တောက်ထားတာကို ဆက်လက်ထိန်းသိမ်းသွားမလားလို့ မေးမြန်းရာမှာတော့ ဖောင့်က "RMTV (ရီးရဲလ်မက်ဒရစ်ရုပ်သံ) က ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် လွှမ်းမိုးနေသရွေ့တော့ ဒီအတိုင်းပဲ ဖြစ်နေမှာပါ" လို့ အခိုင်အမာ ပြန်ပြောခဲ့ပါတယ်။
"ဒိုင်လူကြီးတွေက ရီးရဲလ်မက်ဒရစ်ကို အမြဲတမ်း မျက်နှာသာပေးခဲ့ကြတာပါ။ RMTV မရှိခင်ကတည်းက ဟုတ်ပါတယ်။ ကျွန်တော် ငယ်ငယ်ကတည်းက ရီးရဲလ်ကို မျက်နှာသာပေးတဲ့ ဒိုင်တွေရဲ့ ဆုံးဖြတ်ချက်တွေကြောင့် ခံစားခဲ့ရတာ။ အချက်အလက်တွေအရဆိုရင် မက်ဒရစ်က ပွဲစဉ် ၂၃ ပွဲမှာ ပင်နယ်တီ ၁၆ ကြိမ်အထိ ရထားပါတယ်။ ဒါတွေက သမိုင်းဝင် အမှန်တရားတွေပါ၊ အဓိပ္ပာယ်မရှိတဲ့ လူပြိန်းကြိုက်စကားတွေနဲ့ ဘာစီလိုနာအသင်းဝင်တွေကို လိမ်ညာနေတာတွေကို ရပ်တန့်သင့်ပါပြီ" လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။