The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ကစားသမားဘ၀ အကောင်းဆုံးပွဲစဉ်ကို ထုတ်ဖော်ပြောပြလိုက်တဲ့ မိုဒရစ်

ဆန်တီယာဂိုဘာနေဗျူးကွင်းကြီးမှာရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းပရိသတ်တွေကို လူကာမိုဒရစ်က နောက်ဆုံးအကြိမ်အဖြစ် လက်ပြနှုတ်ဆက်ခဲ့ပါပြီ။ စပိန်နိုင်ငံရဲ့မြို့တော်မှာ ၁၃ နှစ်ကြာရှိနေခဲ့တဲ့ ဝါရင့်ကွင်းလယ်လူက အခုနွေရာသီ၊ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အသင်းမှထွက်ခွာမယ်လို့ အတည်ပြုထားပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ လူကာမိုဒရစ်တို့ နောက်ထပ်တစ်နှစ်သက်တမ်းရှိစာချုပ်သစ်တစ်ရပ် ချုပ်ဆိုဖို့ မျှော်လင့်ခဲ့ကြပေမယ့် အမေရိကန်ခရီးစဉ်က ဝါရင့်ကွင်းလယ်လူအတွက် မက်ဒရစ်အခြေစိုက်ကစားသမားဘ၀ နောက်ဆုံးပြိုင်ပွဲ ဖြစ်လာခဲ့ပါတယ်။

မိုဒရစ်ရဲ့နောက်ထပ်ရပ်နားမယ့်မှတ်တိုင်သစ် ဘာဖြစ်မလဲဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့နေပေမယ့် ခရိုအေးရှားလက်ရွေးစင်ကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဘောလုံးလောကမှ အနားယူသွားဖို့ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ ဆိုစီဒက်ကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ရာသီပိတ်ပွဲစဉ်အပြီး မိုဒရစ်နဲ့အတူ အသင်းမှထွက်ခွာဖို့ရှိနေတဲ့ နည်းပြအန်ဆယ်တော့တီတို့က အခုကာလတလျှောက်လုံး ထောက်ခံအားပေးခဲ့ကြတဲ့ အသင်းပရိသတ်တွေကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်ကပ္ပတိန်က “ဘယ်တော့မှ မရောက်ချင်တဲ့အခိုက်အတန့်တစ်ခုဆီ သေချာပေါက်ရောက်ရှိလာပါပြီ။ ကလပ်အသင်းကိုရော၊ ဥက္ကဌကြီးပီရက်ဇ်ကိုရော ကျေးဇူးတင်ပါတယ်။ ဒီကာလတလျှောက်လုံးအကူအညီပေးခဲ့ကြတဲ့ လူပုဂ္ဂိုလ်တွေ၊ အသင်းဖော်တွေနဲ့ နည်းပြတွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ရင်တွင်းဆန္ဒတွေနဲ့အညီ လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်”လို့ ပြောပါတယ်။

ပွဲပြီးအင်တာဗျူးအစီအစဉ်မှာလည်း မိုဒရစ်ဆီ ဆန်တီယာဂိုဘာနေဗျူးကစားသမားဘဝသက်တမ်းတလျှောက် သူ့ရဲ့အကောင်းဆုံးပွဲစဉ်အကြောင်း မေးမြန်းလာခဲ့ကြပါတယ်။ ကျော်ကြားလှတဲ့မက်ဒရစ်ညချမ်းပေါင်းများစွာ ရှိခဲ့ဖူးပေမယ့် မိုဒရစ်ကတော့ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ ၂၀၂၁-၂၀၂၂ ချန်ပီယံလိဂ်ပြိုင်ပွဲ၊ နောက်ဆုံး-၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်ကို ရွေးချယ်ခဲ့ပါတယ်။ ဒီပွဲစဉ်မတိုင်ခင် အန်ဆယ်လော့တီရဲ့အသင်းက ပထမအကျော့မှာ ပြိုင်ဘက်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။ ဘာနေဗျူးပွဲစဉ်မှာတော့ ဘန်ဇီမာရဲ့ဟက်ထရစ်သွင်းဂိုးနဲ့အတူ အိမ်ရှင်ပရိသတ်တွေ အပြည့်အဝပျော်ရွှင်ခွင့် ရရှိခဲ့ပါတယ်။ 

မိုဒရစ်က “ ဘာနေဗျူးမှာ ကျွန်တော်အကြိုက်ဆုံးပွဲစဉ်ကို ပြောပြရမှာလား? ၂၀၂၂ ခုနှစ်၊ ပီအက်စ်ဂျီနဲ့ပွဲစဉ်လို့ပဲ ကျွန်တော် ပြောပါရစေ။ ဒီပွဲစဉ်မတိုင်ခင် ငါတို့သာ ဒီပွဲစဉ်ကို အနိုင်ရရှိရင် ချန်ပီယံလိဂ်ဖလားရပြီလို့ ကျွန်တော်ပြောခဲ့ပါတယ်။ အဲ့ဒီအတိုင်းပဲ ဖြစ်သွားပါတယ်”လို့ ဆိုပါတယ်။