အလွန်ဆိုကြုံတွေ့နေရတဲ့ ဖိအားတွေနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကိုပြောကြားလာတဲ့ တိုနီခရူးစ်
၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှာ ရီးရဲလ်မက်ဒရစ်ဟာ ပြိုင်ပွဲစုံ ၃ ပွဲဆက်တိုက်အနိုင်ရရှိခဲ့ပေမယ့် လာလီဂါအမှတ်ပေးဇယားမှာတော့ ထိပ်ဆုံးက ဘာစီလိုနာနဲ့ ၄ မှတ်အထိကွာဟနေဆဲဖြစ်လို့ နည်းပြဇာဘီအလွန်ဆိုအပေါ် ဖိအားတွေ ဆက်လက်ကျန်ရှိနေဆဲဖြစ်ပါတယ်။
တစ်ချိန်တည်းမှာပဲ မကြာသေးမီကထွက်ပေါ်ခဲ့တဲ့သတင်းတွေအရ အလွန်ဆိုဟာ ရီးရဲလ်မက်ဒရစ်ကစားသမားတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတည်ဆောက်ဖို့ ရုန်းကန်နေရတာကြောင့် သူ့ရဲ့အနာဂတ်ဟာ ဆန်တီယာဂိုဘာနေဗျူးမှာ ဆက်ရှိဖို့မသေချာတော့ဘူးလို့ ထင်ကြေးပေးခံနေရပါတယ်။
ယခုအခါမှာတော့ အလွန်ဆိုရဲ့အခြေအနေနဲ့ပတ်သက်ပြီး အသင်းရဲ့ဂန္ထဝင်ကွင်းလယ်လူဟောင်းတိုနီခရူးစ်ရဲ့အမြင်ကို မေးမြန်းခဲ့ရာမှာ ဂျာမန်စနိုက်ပါက "ရီးရဲလ်မက်ဒရစ်က ဘယ်နည်းပြအတွက်မဆို အရမ်းခက်ခဲတဲ့နေရာပါ။ အဲဒီမှာ မတူညီတဲ့ ဖိအားတွေရှိနေပါတယ်။ တစ်ခါတလေမှာ အသင်းကပွဲတိုင်းနိုင်နေတာတောင် မကျေနပ်တဲ့သူတွေရှိနေပါသေးတယ်။ ဒီလိုပုံစံဖြစ်နေတဲ့ကလပ်မျိုးက ရှားပါတယ်"
"တကယ်လို့ သရေကျတာပဲဖြစ်ဖြစ်၊ ရှုံးသွားတာပဲဖြစ်ဖြစ် အသင်းကခြေချော်သွားခဲ့ရင် ပရိသတ်ရဲ့တုံ့ပြန်မှုကအခြားအသင်းတွေနဲ့မတူပါဘူး။ ဝေဖန်မှုတွေကလည်း အရမ်းမြင့်တက်လာပါတယ်။ ဒါကြောင့် အသင်းမှာ ရလဒ်ကောင်းဖို့လိုပါတယ်။ ဒါပေမယ့် ဇာဘီအလွန်ဆိုက အရမ်းတော်တဲ့နည်းပြဆိုတာ ကျွန်တော်သေချာပေါက်ယုံကြည်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကိုကိုင်တွယ်ဖို့ လုံလောက်တဲ့အရည်အချင်းရှိပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က ဘယ်လိုအသင်းလဲဆိုတာ ကျွန်တော်တို့ကောင်းကောင်းသိပါတယ်။ အလွန်ဆိုက ကျွန်တော်တို့ထက်တောင်ပိုသိပါဦးမယ်။ ပြီးတော့ သူဒီကိုမရောက်ခင်ကတည်းက ဒီမှာဘာတွေဖြစ်လာနိုင်သလဲဆိုတာ ကြိုပြီးတော့ ခန့်မှန်းမိမှာပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ခရူးစ်က ရီးရဲလ်နည်းပြဟောင်း ကာလိုအန်ဆယ်လော့တီဟာ ၂၀၂၄ ခုနှစ်ကတည်းက ဘရာဇီးလက်ရွေးစင်အသင်းကိုကိုင်တွယ်ဖို့ အလွန်နီးစပ်ခဲ့ဖူးကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။ ဂျာမနီလက်ရွေးစင်ဟောင်းက "တကယ်တော့ သူ ဘရာဇီးကိုတကယ်မကိုင်ခင် ၁ နှစ်လောက်အလိုကတည်းက ကိုင်ဖို့အရမ်းနီးစပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ရီးရဲလ်မက်ဒရစ်မှာပဲဆက်နေခဲ့ပါတယ်။ ကျွန်တော်တို့ ဒီအကြောင်း သိပ်အများကြီးမပြောဖြစ်ပါဘူး။ ဒါပေမယ့် သူ ဘရာဇီးကိုသွားဖို့ အသင်းကနေထွက်ချိန်မှာ အကောင်းဆုံးဖြစ်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ ဘရာဇီးအသင်းကိုကိုင်ဖို့ အရမ်းစိတ်လှုပ်စားနေတယ်ဆိုတာ ကျွန်တော်သိနေလို့ပါ" လို့ပြောကြားခဲ့ပါတယ်။