
ချန်ပီယံလိဂ်ပြိုင်ပွဲလွဲချော်မှုအတွက် အပေါင်းလက္ခဏာဆောင်တဲ့အချက်ကို ထုတ်ပြောလာတဲ့ အယ်လီဂရီ
အေစီမီလန်နည်းပြအယ်လီဂရီက လူကာမိုဒရစ်ရောက်ရှိလာမှုကြောင့် ဥရောပထိပ်တန်းအဆင့်ပြိုင်ပွဲကြီးဆီ ပြန်သွားမယ့် အသင်းရဲ့ရည်မှန်းချက်အတွက် ခွန်အားတစ်ရပ်ဖြစ်စေလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အယ်လီဂရီက လာမယ့်ရာသီ၊ အေစီမီလန်ရဲ့ရည်မှန်းချက်အတွက် အဓိကကျတဲ့အချက်အဖြစ် ခရိုအေးရှားဂန္တဝင်ရဲ့အခန်းကဏ္ဍကို မီးမောင်းထိုးရှင်းပြခဲ့ပြီး ချန်ပီယံလိဂ်ဆီပြန်သွားလိုတဲ့ရည်မှန်းချက်ကြောင့် အသင်းရဲ့နည်းစနစ်ပိုင်းကို ပြင်ဆင်မြှင်တင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး သူက တစ်ပတ်တစ်ပွဲနှုန်းကစားရခြင်းသည် လေ့ကျင့်ရေးနဲ့နည်းဗျူဟာပိုင်းဆိုင်ရာတိုးတက်မှုအပေါ် အာရုံစိုက်နိုင်တယ်ဆိုပေမယ့် ချန်ပီယံလိဂ်ညချမ်းတွေပျောက်ဆုံးသွားမှုကိုတော့ ဆုတ်ယုတ်မှုတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
အေစီမီလန်က စိန်ခေါ်မှုတွေများပြားခဲ့တဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို ကြံ့ကြံ့ခံကျော်ဖြတ်ပြီး အမှတ်ပေးဇယားအဆင့်-၈ နေရာနဲ့ရာသီသိမ်းခဲ့လို့ ဥရောပပြိုင်ပွဲအားလုံးနဲ့ လွဲချော်ခဲ့ပါတယ်။ ဒါကြောင့် အသင်းနဲ့အတူ စကူဒက်တိုချန်ပီယံဖြစ်ခဲ့ဖူးတဲ့ အယ်လီဂရီကို ပြန်လည်ခန့်အပ်မှုက မီလန်ရဲ့အတိတ်အောင်မြင်မှုတွေဆီ ပြန်သွားဖို့ဆိုတဲ့ ဆုံးဖြတ်ချက်ကို အလေးပေးဖော်ပြနေပါတယ်။ တဖက်မှာလည်း ကလပ်အသင်းက အပြောင်းအရွှေ့ဈေးကွက်အတွင်း တက်တက်ကြွကြွပါဝင်လှုပ်ရှားပြီး ရီးရဲလ်မက်ဒရစ်နဲ့အတူအောင်မြင်မှုတွေရယူခဲ့ဖူးတဲ့ မိုဒရစ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းဆီ ခေါ်ယူနိုင်ခဲ့ပါတယ်။
အယ်လီဂရီကလည်း ဒါက အသင်းအပြောင်းအရွှေ့ဈေးကွက်ကြိုးပမ်းမှုတွေရဲ့ စုပေါင်းညှိနှိုင်းဆောင်ရွက်မှုရလဒ်ဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး အတိတ်အောင်မြင်မှုတွေကို ချန်ထားကာ အနာဂတ်အတွက် မျှော်ရည်မှန်းပြီး လုပ်ဆောင်သွားရမယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။ အေစီမီလန်ရဲ့ လတ်တလောရည်မှန်းချက်ကတော့ သြဂုတ် ၁၇ ရက်၊ ရာသီအဖွင့်ပွဲစဉ်အတွက် အပြည့်အဝပြင်ဆင်ထားနိုင်ဖို့ပဲ ဖြစ်ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အယ်လီဂရီက “ မိုဒရစ်က ကျွန်တော်တို့အတွက် အရေးပါလာမယ့်သူတစ်ဦး ဖြစ်ပါတယ်။ သူက ချန်ပီယံတစ်ဦးဖြစ်ပြီး နည်းစနစ်ပိုင်းလယ်ဗယ်တွေကို မြှင့်တင်ပေးသွားပါလိမ့်မယ်။ ရည်မှန်းချက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲဆီ ပြန်လည်ရောက်ရှိဖို့ပါပဲ။ အရည်အချင်းပြည့်မီပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ပြိုင်ဘက်ကောင်းတွေ ရှိနေလို့ လွယ်ကူမယ်လို့တော့ မထင်ပါဘူး”လို့ ပြောပါတယ်။
လာမယ့်ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲတွေကစားရဖို့မရှိလို့ အသင်းအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိနိုင်မလဲဆိုတဲ့မေးခွန်းကို အယ်လီဂရီက “ အပြုသဘောဆောင်တဲ့အချက်က တစ်ပတ်တစ်ပွဲနှုန်းကစားရခြင်းကြောင့် အလုပ်တွေလုပ်ဖို့ အချိန်တွေ ပိုရလာမယ်၊ အယူအဆတွေ နှီးနှောဖလှယ်နိုင်မယ်၊ အသင်းတစ်ခုပုံစံမျိုး ပိုဖြစ်လာနိုင်ပါတယ်။ အနုတ်သဘောဆောင်တဲ့အချက်ကတော့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာမပါဝင်ခြင်းကြောင့် လူတိုင်းကစားချင်ကြတဲ့ ပွဲကြီးပွဲကောင်းတွေကိုမကစားနိုင်တော့ပါဘူး။ ကျွန်တော်တို့တွေ အလုပ်ကို ပြင်းပြင်းထန်ထန်ကြိုးစားဖို့ိလိုအပ်ပြီး ဒါမှသာ လာမယ့်နှစ်တွေမှာ အေစီမီလန်ကို ချန်ပီယံလိဂ်ဆီ ပြန်ပို့ပေးနိုင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ ဒီအသင်းဆီ စိတ်အားထက်သန်မှုအပြည့်နဲ့ ပြန်ရောက်လာခဲ့တာပါ။ ၂၀၂၆-၂၀၂၇ ချန်ပီယံလိဂ်ပြိုင်ပွဲအတွက် အရည်အချင်းပြည့်မီနေဖို့က ကျွန်တော့်ရဲ့နောက်ဆုံးရည်မှန်းချက်ဖြစ်ပါတယ်။ ဒါက ကလပ်အသင်းရဲ့အမှတ်တံဆိပ်၊ ကလပ်အသင်းရဲ့ဘဏ္ဍာရေးပိုင်းအတွက် အလွန်အရေးကြီးပါတယ်”လို့ တုံ့ပြန်ဖြေကြားပါတယ်။
အယ်လီဂရီရဲ့လတ်တလောအာရုံစိုက်မှုက သြဂုတ် ၁၇ ရက်၊ ရာသီအဖွင့်ပွဲစဉ်မတိုင်ခင် အသင်းအတွင်းမှာ စည်းလုံးညီညွှတ်မှုတည်ဆောက်ထားနိုင်ဖို့ ဖြစ်ပါတယ်။ အေစီမီလန်အသင်းတာဝန်ရှိသူတွေကလည်း သြဂုတ် ၃၁ ရက်၊ အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အင်အားဖြည့်တင်းမှုတွေ ပိုမိုလုပ်ဆောင်သွားနိုင်ရန် ရည်မှန်းထားပါတယ်။ မိုဒရစ်ကိုလည်း ချန်ပီယံလိဂ်ဝင်ခွင့်တစ်နေရာအပြင် ကလပ်အသင်းရဲ့ဘဏ္ဍာရေးနဲ့ အားကစားဆိုင်ရာအမှတ်တံဆိပ်တို့ကို ပြန်လည်တည်ထောင်ဖို့ကြိုးပမ်းရာမှာ အဓိကခေါင်းဆောင်တစ်ဦး ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်။