
ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူလိုက်ပြီဖြစ်တဲ့ မာတီနက်ဇ်
မန်ချက်စတာယူနိုက်တက်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်ဟာ ၁ နှစ်လောက်အထိ အနားယူသွားရနိုင်တဲ့ ဒူးအရွတ်စုတ်ပြဲဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူလိုက်နိုင်ပြီလို့ သိရပါတယ်။ Daily Mail ရဲ့အဆိုအရ မာတီနက်ဇ်ဟာ ယမန်နေ့က လန်ဒန်မှာ ဒဏ်ရာကို ခွဲစိတ်ကုသခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ခွဲစိတ်မှုက အောင်မြင်ခဲ့ပေမယ့် နောက်ခံလူဟာ ကြံ့ခိုင်မှုပြန်ရဖို့ အနည်းဆုံး ၆ လကနေ အများဆုံး ၁ နှစ်အထိ အနားယူဖို့လိုအပ်သွားမှာဖြစ်ပါတယ်။
အသက်-၂၇ နှစ်အရွယ်ကစားသမားဟာ ယခုလအစောပိုင်းက ခရစ္စတယ်ပဲလေ့စ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ချက်ချင်းပဲ လူစားလဲခံခဲ့ရရပါတယ်။ မာတီနက်ဇ်ဟာ ယူနိုက်တက်သို့စတင်ရောက်ရှိချိန်ကတည်းက ခြေဖဝါးအရိုးကျိုးဒဏ်ရာ၊ ခြေထောက်ဒဏ်ရာနဲ့ ဒူးခေါင်းဒဏ်ရာတွေကြောင့် မကြာခဏဆိုသလို အနားယူနေခဲ့ရပြီး ဒီတစ်ခေါက်မှာတော့ အတော်လေးဆိုးဝါးတဲ့ ဒဏ်ရာနဲ့ ထပ်မံကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်မှာ အေဂျက်စ်မှ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့လာခဲ့တဲ့ အာဂျင်တီးနားလက်ရွေးစင်ဟာ ယူနိုက်တက်မှာနေထိုင်ခဲ့တဲ့ ၃ နှစ်တာကာလအတွင်း ဒဏ်ရာပြဿနာကြောင့် ရက်ပေါင်း ၂၈၀ အထိ အနားယူနေခဲ့ရတာလည်းဖြစ်ပါတယ်။ လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။