ဒူးအရွတ်ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဖွယ်ရှိတဲ့ အမ်ဘာပေ
အသက်-၂၇ နှစ်အရွယ်တိုက်စစ်မှူးအမ်ဘာပေဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလအတန်ကြာ အနားယူရဖွယ်ရှိတယ်လို့ ပြင်သစ်အခြေစိုက် L’Equipe သတင်းဌာနမှ ဖော်ပြပါတယ်။ ရီးရဲလ်မက်ဒရစ်ဗဟိုတိုက်စစ်မှူးက ပြင်းထန်ဒူးအရွတ်စုတ်ပြဲဒဏ်ရာရရှိခြင်း မဟုတ်ပေမယ့် MRI စစ်ဆေးမှုရလဒ်များအရ ပြင်ပဒူးအရွတ်စုတ်ပြဲဒဏ်ရာကြောင့် ကုသမှုနဲ့ အနားယူဖို့ လိုအပ်တယ်လို့ သိရပါတယ်။ အမ်ဘာပေအနေဖြင့် အနည်းဆုံးရက်သတ္တပတ်သုံးပတ်ခန့် အနားယူရဖွယ်ရှိလို့ စပိန်စူပါဖလားပြိုင်ပွဲနဲ့ ချန်ပီယံလိဂ်အုပ်စုအပိတ်ပွဲစဉ်နှစ်ခုကို လွဲချော်သွားဖွယ်ရှိပါတယ်။
ဆက်လက်ပြီး L’Equipe သတင်းဌာနက အမ်ဘာပေဟာ လတ်တလောရီးရဲလ်မက်ဒရစ်ရဲ့ပွဲစဉ်တွေမှာ နာကျင်မှုကိုအံတုရင်း ပါဝင်ကစားခဲ့ကြောင်း၊ အမြန်နှုန်းကို တက်နိုင်သလောက် မမြှင့်တင်နိုင်သလို ခံစားခဲ့ရကြောင်း ဖော်ပြခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်ကိုယ်တိုင်ကတော့ ဒါကို ပြင်းထန်ဒဏ်ရာလို့ မယူဆထားခဲ့ပါဘူး။ အမ်ဘာပေရဲ့အခုလိုဒဏ်ရာရရှိမှုကြောင့် သူ့ရဲ့စွမ်းဆောင်ရည်အပေါ် မှီခိုနေရတဲ့ ရီးရဲလ်မက်ဒရစ်အတွက် စိုးရိမ်မှုတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။