The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်နဲ့အိမ်ကွင်းပွဲစဉ်မှာ စိတ်ဖိစီးမှု အတော်လေးမြင့်မားခဲ့တယ်လို့ ပက်ဗ်လိုဗစ်ဆို

ဘိုင်ယန်မြူးနစ်အသင်းက ရီးရဲလ်မက်ဒရစ်ကို ၄-၃ ဂိုးဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ စိတ်ဖိစီးမှုအဆင့် အတော်လေးမြင့်မားခဲ့တယ်လို့ ပက်ဗ်လိုဗစ်က ဝန်ခံပြောကြားလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူပက်ဗ်လိုဗစ်ဟာ ဗုဒ္ဓဟူးညပိုင်း၊ ရီးရဲလ်မက်ဒရစ်ကို ၄-၃ ဂိုးဖြင့် အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်ခဲ့တဲ့ပွဲအပေါ် ပြန်လည်သုံးသပ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်က ပထမပိုင်းပွဲချိန်အပြီး ၂-၃ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ အကြိတ်အနယ်ယှဉ်ပြိုင်ကစားပြီး အနိုင်ရလဒ် ဖော်ဆောင်ခဲ့ပါတယ်။

"ဒီနေ့ပွဲစဉ်မှာ စိတ်ဖိစီးမှုက တကယ်ကို မြင့်မားခဲ့ပါတယ်။ ဒါပေမဲ့ ပွဲတိုင်းသာ အခုလိုမျိုး အနိုင်နဲ့အဆုံးသတ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဝမ်းသာအားရ လက်ခံသွားပါ" လို့ ပွဲစဉ်အပြီးအင်တာဗျူးမှာ ပက်ဗ်လိုဗစ်က ပြောပါတယ်။

"ဒုတိယပိုင်းမှာ ကျွန်တော်တို့ရဲ့ခံစစ်ပိုင်းအတော်လေးစနစ်တကျရှိခဲ့တဲ့ အချက်က အောင်မြင်မှုအတွက် အဓိကသော့ချက်ပါပဲ။ ပိုပြီးတော့လည်း စုစည်းမှုရှိခဲ့သလို ပွဲကိုလည်း ပိုထိန်းချုပ်နိုင်ခဲ့ပါတယ်။ တိုက်စစ်ပိုင်းမှာလည်း ပုံမှန်အတိုင်း ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့လို့ ကျွန်တော်တို့ နိုင်သင့်နိုင်ထိုက်တဲ့ ပွဲစဉ်တစ်ခု ဖြစ်ပါတယ်" လို့ ဆိုပါတယ်။

ဂိုးသမားနူအာရဲ့အမှားတစ်ခုကနေ ဘိုင်ယန်မြူးနစ်အသင်း စောစောစီးစီးဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ပက်ဗ်လိုဗစ်ကပဲ ချေပဂိုးပြန်သွင်းယူခဲ့ပြီး ဒီဂိုးက သူရဲ့ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးလည်း ဖြစ်ပါတယ်။

"ပွဲစပြီး ၃၅ စက္ကန့်အတွင်းမှာတင် ဂိုးပေးလိုက်ရတယ်ဆိုတာ တကယ်တော့ မကောင်းလှပါဘူး။ ဒါပေမဲ့ အဲ့ဒီလိုအခက်အခဲတွေကပဲ အသင်းကို ပိုပြီးစည်းလုံးစေခဲ့ပါတယ်။ ကျွန်တော်တို့ ချက်ချင်းပဲတုံ့ပြန်ကစားနိုင်ခဲ့သလို စိတ်ဓာတ်မပျက်ဘဲ ဆက်ကြိုးစားခဲ့ကြတယ်၊ ဒါဟာ ထိပ်တန်းအသင်းတစ်ခုရဲ့ ကစားဟန်ပါပဲ"

"ကျွန်တော့်ရဲ့ ပထမဆုံးချန်ပီယံလိဂ်သွင်းဂိုးကို ရီးရဲလ်မက်ဒရစ်လို အသင်းမျိုးနဲ့ပွဲစဉ်မှာ သွင်းယူနိုင်ခဲ့တာထက် ပိုကောင်းတဲ့အရာမရှိပါဘူး။ ချေပဂိုးသွင်းနိုင်ခဲ့လို့လည်း တကယ်ဝမ်းသာမိပါတယ်" လို့ သူက ပြောပါတယ်။

အခုအခါမှာတော့ ပက်ဗ်လိုဗစ်နဲ့ ဘိုင်ယန်မြူးနစ်အသင်းတို့က ဆီမီးဖိုင်နယ်မှာ လက်ရှိချန်ပီယံပီအက်စ်ဂျီနဲ့ ပွဲကြီးပွဲကောင်းကို ဆင်နွှဲသွားရပါမယ်။

"ဆီမီးဖိုင်နယ်မှာတွေ့ရမယ့် ပီအက်စ်ဂျီက ခက်ခဲတဲ့ပြိုင်ဘက် ဖြစ်ပါတယ်။ သူတို့က တက်ကြွတဲ့အသင်းမျိုးဖြစ်တယ်ဆိုတာ လူတိုင်းသိကြပါတယ်၊ လက်ရှိမှာ ကျွန်တော်တို့နဲ့အတူ အားအကောင်းဆုံးအသင်းတွေအနက် တစ်ခုလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီပွဲကို စောင့်မျှော်နေပြီး အကောင်းဆုံး ပြင်ဆင်သွားပါမယ်" လို့ ပက်ဗ်လိုဗစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။