The network connection is lost.

Banner Image

အိုလီဆေးကို ကီဗင်ဒီဘရိုင်းနဲ့ နှိုင်းယှဉ်ပြီး တိုးတက်အောင် လုပ်ဆောင်ဖို့ တောင်းဆိုလိုက်တဲ့ ဘိုင်ယန်နည်းပြ ကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြ ဗင်းဆင့် ကွန်ပနီက မိုက်ကယ် အိုလီဆေးကို ကီဗင် ဒီဘရိုင်းနဲ့ နှိုင်းယှဉ်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ရှိ သူ့ရဲ့ ပွဲဦးထွက်ရာသီက ခြေစွမ်းထက် ပိုကောင်းအောင် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ဘွန်ဒက်စ်လီဂါ ချန်ပီယံဆုကို ကာကွယ်ရမယ့် ပွဲစဉ်မှာ ဘိုင်ယန်က လိုက်ပ်ဇစ်ကို ၆-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေထဲမှာ အိုလီဆေးက ပထမပိုင်းမှာ ၂ ဂိုး သွင်းယူပေးခဲ့တဲ့အတွက် ကွန်ပနီရဲ့ အသင်းအတွက် သူရဲ့ ခြေစွမ်းဟာ ပိုပြီး အရေးပါလာကြောင်းကို ပြသလိုက်ပါတယ်။ ပွဲချိန် ၂၇ မိနစ်မှာ ပထမဆုံးဂိုး သွင်းယူခဲ့ပြီး ၄၂ မိနစ်မှာတော့ ဒုတိယဂိုး သွင်းယူပေးခဲ့ပါတယ်။

ပြင်သစ်လက်ရွေးစင် အိုလီဆေးက ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်အသင်း ဖလားရရှိအောင် ကူညီပေးခဲ့သူပါ။ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီ ပြိုင်ပွဲအားလုံးမှာ ၁၇ ဂိုး သွင်းယူပေးခဲ့ပြီး ၂၁ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ ကလပ် ကမ္ဘာ့ဖလားမှာလည်း ၃ ဂိုး သွင်းယူပေးခဲ့ပြီး ၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။ နှစ်ဖက်စလုံးမှာ ပုံစံကောင်းပြသနိုင်ခဲ့တာကတော့ မန်စီးတီးမှာ အသင်းဖော်ဟောင်း ဒီဘရိုင်းကို သတိရစေခဲ့ပါတယ်။ နည်းပြ ကွန်ပနီကတော့ အသက် ၂၃ နှစ်အရွယ် ကစားသမားကို လက်ရှိဘောလုံးရာသီမှာ ပိုပြီး ကောင်းအောင် လုပ်ဖို့ တိုက်တွန်းခဲ့ပါတယ်။

ကွန်ပနီက အိုလီဆေးရဲ့ စိတ်တည်ငြိမ်မှုကို ချီးကျူးခဲ့ပြီး ဒီဘရိုင်းနဲ့ နှိုင်းယှဉ်ခဲ့ပေမဲ့ ဆက်လက် တိုးတက်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ “မိုက်ကယ်ရဲ့ စာရင်းဇယားတွေက ကျွန်တော့်ရဲ့ အဓိက ဦးစားပေး မဟုတ်ပါဘူး။ ဒါပေမဲ့ သူက ပိုကောင်းပြီး ပိုပြီး တိုးတက်အောင် လုပ်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

“ကျွန်တော်ကလည်း ကစားသမားတစ်ဦးအနေနဲ့ ကီဗင် ဒီဘရိုင်းလို အရည်အချင်းရှိတဲ့သူတွေရဲ့ တိုးတက်မှုတွေကို မြင်ခဲ့ရပါတယ်။ အရေးကြီးတာကတော့ နေ့စဉ် လေ့ကျင့်ရေးမှာ သူတို့ ဘာတွေလုပ်လဲဆိုတာပါပဲ”

“သူ့မှာ အေးဆေးတည်ငြိမ်မှု ရှိနေတာကို မြင်ရပါတယ်။ အခုတော့ သူက ဆုဖလားတွေ ရရှိခဲ့ပြီးပါပြီ။ ဒါက အတိတ်က အရာတွေပါ” လို့ ကွန်ပနီက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လာမယ့်ပွဲစဉ်အဖြစ် ဘိုင်ယန်အသင်းဟာ ဂျာမနီဖလားပြိုင်ပွဲမှာ ဝီဟန် ဝီးစ်ဘာဒန်အသင်းနဲ့ ရင်ဆိုင်ရပါတော့မယ်။ ကွန်ပနီက အရန်ကစားသမားတွေကို အများအပြား အသုံးပြုမှာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။

“အနားပေးဖို့တော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ အစကောင်းခဲ့ပါတယ်။ လီယွန် ဂိုရက်ဇ်ကာက လေ့ကျင့်ခန်း အပြီးထိ ခြေစွမ်းပြနိုင်မယ်ဆိုရင် သူက ပုံမှန်အတိုင်း ပါဝင်လာပါလိမ့်မယ်”

“တနင်္ဂနွေနေ့တုန်းက ကစားခဲ့တဲ့သူတွေ အားလုံးက ဒီမှာ ရှိနေပါတယ်”

“ကျွန်တော်က အရန်ကစားသမားဆိုတဲ့ စကားလုံးကို မကြိုက်ပါဘူး။ ကျွန်တော်တို့ ဘာလင်ကို သွားချင်ပြီး ဗိုလ်လုပွဲကို ရောက်ချင်ပါတယ်”

“ကျွန်တော်က ကျွန်တော်တို့ရဲ့ ပြိုင်ဘက်ကို အလွန်လေးစားပါတယ်။ ဒီပွဲကို အနိုင်ရနိုင်မယ့် အသင်းကို ကျွန်တော် စီစဉ်ပါလိမ့်မယ်။ ဒါပေမဲ့ လူတိုင်း ကျန်းမာကြံ့ခိုင်နေဖို့ လိုအပ်ပါတယ်။ ရူးကြောင်ကြောင် လုပ်လို့ မဖြစ်ပါဘူး” လို့ ကွန်ပနီက ပြောခဲ့ပါတယ်။