ဘိုင်ယန်မြူးနစ်အသင်းကြယ်ပွင့် အိုလီဆီ၊ ဗင်နီစီးယက်စ်ကို စိတ်ဝင်စားမှုနဲ့ နည်းပြကွန်ပနီအကြောင်း ဖွင့်ဟဆွေးနွေးလာတဲ့ ရူမင်နစ်ဂီ
ဘိုင်ယန်မြူးနစ်အသင်းအမှုဆောင်အဖွဲ့ဝင်ရူမင်နစ်ဂီက အခုနွေရာသီမှာ အိုလီစီကို လက်လွှတ်ဆုံးရှုံးရနိုင်တယ်ဆိုတဲ့ သတင်းတွေကို ပျက်ရယ်ပြုလိုက်ပါတယ်။
ပြင်သစ်တိုက်စစ်ကစားသမားအိုလီစီက ရီးရဲလ်မက်ဒရစ်၊ လီဗာပူးတို့နဲ့ သတင်းထွက်နေပြီး လီဗာပူးမှာတော့ မိုဟာမက်ဆာလက်ရဲ့နေရာကို အစားထိုးမယ့်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။
AS သတင်းဌာနနဲ့တွေ့ဆုံချိန် ရူမင်နစ်ဂီက "ဒါတွေက ကလပ်အသင်းမှာရှိတဲ့သူတိုင်းကို ပြုံးမိစေတဲ့ ကောလာဟလတွေပါပဲ။ မီဒီယာလောကရဲ့ သတင်းတွေ ဘယ်လိုအလုပ်လုပ်လဲဆိုတာ ခင်ဗျားတို့လည်း အသိဆုံးဖြစ်မှာပါ။ သူ့မှာ စာချုပ်သက်တမ်း ၃ နှစ် ကျန်ပါသေးတယ်၊ ဒါကြောင့် ထပ်ပြောစရာ ဘာမှမရှိပါဘူး။ ပရိသတ်တွေက သူလိုကစားသမားမျိုးကို ကြည့်ဖို့ ကွင်းထဲအထိ လာကြတာပါ" လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ကြယ်ပွင့်ဗင်နီစီးယက်စ်ကို ဘိုင်ယန်မြူးနစ်စိတ်ဝင်စားနေတယ်ဆိုတဲ့ ကောလာဟလတွေနဲ့ပတ်သက်လို့လည်း ရူမင်နစ်ဂီက "ဒီမေးခွန်းက မလိုအပ်ပါဘူး၊ ဘာလို့လဲဆိုတော့ သူက တန်ဖိုးဖြတ်လို့မရတဲ့ ကစားသမားဖြစ်သလို သူ့ရဲ့အိပ်မက်အသင်းမှာလည်း ကစားနေလို့ပါ။ ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ် အနှစ်သက်ဆုံးကစားသမားတွေထဲမှာ သူပါဝင်နေမယ်ဆိုရင်လည်း ကျွန်တော် အံ့သြမှာမဟုတ်ပါဘူး။ ဆော်ဒီကလပ်အသင်းတချို့က သူ့ကို စိတ်ဝင်စားနေတယ်လို့ ကြားရပေမဲ့ သူ ထွက်ခွာသွားလိမ့်မယ်လို့ ကျွန်တော်မထင်ပါဘူး။ ပီရက်ဇ်က တကယ့်ဘောလုံးပါရဂူတစ်ဦးဖြစ်ပြီး သူ့ကို ဆက်ထိန်းထားဖို့ အစွမ်းကုန်ကြိုးစားပါလိမ့်မယ်။ လွန်ခဲ့တဲ့နှစ်နှစ်၊ ပထမအကျော့ပွဲစဉ်မှာ ဗင်နီစီးယက်စ်သွင်းယူခဲ့တဲ့ သွင်းဂိုးနှစ်ဂိုးကို ကျွန်တော် မှတ်မိနေပါသေးတယ်" လို့ ဆက်ပြောပါတယ်။
လက်ရှိနည်းပြကွန်ပနီနဲ့ပတ်သက်လို့လည်း ဘယ်လ်ဂျီယံလူမျိုးနည်းပြကို အကျိုးရလဒ်ကြီးမားပြီး အပြုသဘောဆောင်တဲ့ အံ့အားသင့်စရာတစ်ခုအဖြစ် ရူမင်နစ်ဂီက ဝန်ခံခဲ့ပါတယ်။
သူက "သူ ဒီမှာရှိနေတာ ကျွန်တော်တို့အတွက် ကံကောင်းတာပါပဲ။ ဘိုင်ယန်မှာ လတ်တက်ခ်၊ ဟစ်ဇ်ဖဲလ်၊ ဟေးကန့်စ်နဲ့ပက်ဂွါဒီယိုလာတို့လို ထိပ်တန်းနည်းပြတွေ ရောက်လာတာရော ထွက်ခွာသွားတာရော ကျွန်တော် တွေ့ဖူးပါတယ်၊ အခု ကွန်ပနီလည်း အဲဒီအဆင့်ဆီ ရောက်နေပါပြီ။ ပြီးခဲ့တဲ့ နှစ်တွေမှာ အမြဲတမ်းမဟုတ်ခဲ့ပေမဲ့ အခုတော့ ကွင်းတွင်းကစားပုံတွေကို ပြန်ကြည့်ရတာ ကျွန်တော် ပျော်နေပါပြီ။ ကျွန်တော်တို့ရဲ့ဘောလုံးကစားဟန်ကို ကြည့်ရတာ ကျေနပ်စရာကောင်းသလို အောင်မြင်မှုလည်း ရလာနေပြီး ကလပ်အသင်းဆီကိုလည်း ငြိမ်းချမ်းမှုတွေ ပြန်ရောက်လာပါပြီ။ နည်းပြဆိုတာ အသင်းရဲ့အရေးအကြီးဆုံးဝန်ထမ်းဖြစ်ပြီး ကွန်ပနီကတော့ လူပုဂ္ဂိုလ်အရရော အသင်းအတွက်ပါ ကောင်းချီးတစ်ခု ဖြစ်ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။