
The network connection is lost.

လီဗာပူးအသင်းကို ကာရာဘောင်ဖလားစတုတ္ထအဆင့်ဆီ ပို့ဆောင်နိုင်ရေး အကူအညီဖြစ်စေခဲ့တဲ့ အံ့ဖွယ်သွင်းဂိုးကို ရယူနိုင်ခဲ့ပြီးနောက် ဆိုဘိုဆလိုင်းကို နည်းပြယာဂန်ကလော့ပ်က ချီးကျူးဂုဏ်ပြုစကားဆိုလိုက်ပါတယ်။
ယနေ့မနက်ပိုင်း၊ အန်ဖီးလ်ကွင်းမှာ လက်စတာနဲ့ရင်ဆိုင်ရတဲ့ ကာရာဘောင်ဖလား ပွဲစဉ်အတွင်း ပွဲအစမိနစ်ပိုင်းမှာပဲ လီဗာပူးတို့ ပြိုင်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရပါတယ်။ ဒီဂိုးကိုတော့ လက်စတာတောင်ပံကစားသမား မက်အာတီယာက သွင်းယူခဲ့တာပါ။
ဒုတိယပိုင်း စတင်လာချိန်မှာတော့ ဂတ်ပိုက ယာဂန်ကလော့ပ်အသင်းအတွက် ချေပဂိုး ရယူပေးခဲ့သလို အရန်ခုံမှတဆင့် ပွဲကစားခွင့်ရရှိလာတဲ့ ဆိုဘိုဆလိုင်းက အံ့ဖွယ်လှပတဲ့ကန်ချက်နဲ့အတူ အသင်းအတွက် ဦးဆောင်ဂိုးရယူခဲ့ပါတယ်။ ပွဲချိန်နှောင်းပိုင်းမှာတော့ ကွင်ဆာရဲ့မြေနိမ့်ဘောဖြတ်တင်ပေးမှုကို ဂျိုတာက ပြိုင်ဘက်ခံစစ်မှူးကို လှည့်ဖြားကာ အနိုင်သေချာစေမယ့်သွင်းဂိုး ရယူခဲ့ပါတယ်။
ဒါပေမယ့် ဆိုဘိုဆလိုင်းရဲ့သွင်းဂိုးကသာ လီဗာပူးရဲ့နောက်ထပ် Comeback နိုင်ပွဲအတွက် အဓိကပြောဆိုစရာဖြစ်ခဲ့ပြီး ပွဲပြီးချိန်မှာလည်း ကလော့ပ်က အသက်-၂၂ နှစ်အရွယ်ကစားသမားရဲ့ အန်ဖီးလ်ကွင်းအတွင်း သက်ရောက်မှုအပေါ် ချီးကျူးပြောဆိုလာပါတယ်။
သတင်းထောက်တွေနဲ့ တွေ့ဆုံချိန် ဂျာမန်သားနည်းပြကြီးက “ဆိုဘိုဆလိုင်းက အသင်းဆီရောက်လာတာ ကြာပြီဆိုတော့ သူရောက်လာချိန်တုန်းက ကျွန်တော်တွေးမိခဲ့တဲ့အတွေးတောင် မေ့ပျောက်သွားပါပြီ။ ပထမဆုံးလေ့ကျင့်ရေး အစီအစဉ်ကတည်းက သူဟာ အတော်လေးအထင်ကြီးစရာကောင်းခဲ့ပါတယ်။ အဲ့ဒီအတိုင်းပဲ ဖြစ်သွားတာပါပဲ။ သူက ထိပ်တန်းကောင်းလေးပါ။ အသင်းနဲ့အတူ အဝတ်လဲခန်းထဲမှာ အလွယ်တကူအထိုင်ကျခဲ့တယ်။ ပင်ကိုယ်သဘာဝအရ အလွန်ကိုယုံကြည်မှုပြင်းထန်တဲ့ ကောင်လေးပဲ။ ဒါက အကူအညီဖြစ်ပေမယ့် အရမ်းကို ပြင်းပြင်းထန်ထန် အလုပ်ကြိုးစားရပါတယ်။ ဒီနေ့မြင်တွေ့ခဲ့ရတာလည်း ဒါပါပဲ။ ဆိုဘိုဆလိုင်းဝင်ရောက်လာချိန်မှာ အရမ်းခက်ခဲတဲ့ အခြေအနေနှစ်ခုနဲ့ ကြုံတွေ့ခဲ့ရတယ်။ အဲ့ဒီအချိန်ကစပြီး ပွဲထဲမှာ သူပါဝင်ကစားနိုင်ခဲ့တယ်”
“ကျွန်တော်ကတော့ သူ့ကို ကန်သွင်းဖို့ မပြောခဲ့ပါဘူး။ သူ့ဆီမှာ အရမ်းကိုကောင်းမွန်တဲ့ ကျွမ်းကျင်မှုတွေ ရှိနေလို့ သူက ကျွန်တော်သိထားတာထက် ပိုကောင်းတဲ့အရာကို သိထားခဲ့တယ်။ ဂိုးဘားတန်းပေါ် အနည်းငယ်လေးကျော်သွားခဲ့တဲ့ နောက်တစ်လုံးဆိုရင်လည်း နောက်ထပ်လက်ပစ်ဗုံး တစ်လုံး ပစ်ထည့်လိုက်သလိုပါပဲ။ ပရီးမီးယားလိဂ်ပွဲစဉ်တိုင်းမှာဆိုရင် လူတိုင်းက ဆိုဘိုဆလိုင်းကို ပိတ်ဆို့ထားဖို့ ကြိုးစားကြပါတယ်။ အဲ့ဒီလိုမျိုးမပိတ်ဆို့ထားလို့ လီဗာပူးကို ဂိုးပေးရနိုင်တဲ့ အခွင့်အရေးကောင်းတစ်ခု ဖြစ်သွားပါလိမ့်မယ်။ ဒါပေမယ့် ဆိုဘိုဆလိုင်းရဲ့ဂိုးကတော့ စူပါဂိုးပါပဲ။ အန်ဒိုက ဘောလုံးပေးလိုက်ချိန် ကွင်းလယ်လူလည်း မရှိ၊ ဆိုဘိုဆလိုင်းကိုကပ်ထားတဲ့ နောက်ခံလူလည်းမရှိတော့လို့ ဒီလိုဖြစ်သွားခဲ့တယ်လို့ ကျွန်တော်ယူဆမိပါတယ်။ ဒါက ဘောလုံးပိုင်ဆိုင်မှုရရှိချိန်မှာ တိုက်စစ်စတင်ဖို့ (သို့မဟုတ်) အနည်းဆုံးတော့ တိုက်စစ်ကိုဦးတည်မယ့် အကြံအစည်ရှိနေဖို့ အရေးကြီးတယ်ဆိုတာ ပြသနေတဲ့ အကြောင်းအချက်ပါပဲ။ ဒီလိုအကြံအစည်မျိုးက ဒီနေရာမှာ အများကြီးအသုံးတည့်ခဲ့ပါတယ်။ ဆိုဘိုဆလိုင်းက အသင်းမှာရှိနေရတာ ပျော်ရွှင်နေပြီး လူတွေကလည်း ဒါကို သဘောကျနေကြပါတယ်။ ဒါမျိုးတွေ ရှေ့လျှောက် အချိန်တွေအကြာကြီး ဆက်လုပ်သွားနိုင်ပါတယ်”လို့ ပြောပါတယ်။