
ပွဲထွက်ခွင့်ရတဲ့ခံစားချက်က ကောင်းမွန်တယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ အင်္ဂလန်စတား
အင်္ဂလန်အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့ပြီးနောက် ဒဏ်ရာကနေပြန်လာပြီး ပွဲထွက်ခွင့်ပြန်ရတဲ့ခံစားချက်က ကောင်းမွန်တယ်လို့ ဆာကာက ပြောကြားလိုက်ပါတယ်။
အာဆင်နယ်စတားဟာ ဝေးလ်အသင်းကို ဝင်ဘာလေမှာ ၃ ဂိုးပြတ်အနိုင်ရတဲ့ပွဲမှာ ပြင်းထန်တဲ့ကန်ချက်နဲ့အတူ ဂိုးတစ်ဂိုးရယူနိုင်ခဲ့ပါတယ်။ အင်္ဂလန်ဟာ ဘောလုံးပိုင်ဆိုင်မှုကိုပါရယူနိုင်ခဲ့ပြီး ၃ မိနစ်အတွင်းမှာတင် ဂူဟီရဲ့ဖန်တီးပေးမှုကနေ ရော်ဂျာက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။
အဲ့နောက် ဒုတိယမြောက်ဂိုးကို ဝက်တ်ကင်းက သွင်းယူပေးနိုင်ခဲ့ပြီး ၁၁ မိနစ်အတွင်းမှာ ၂-၀ နဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။ အဲ့နောက် ဆာကာက ကွန်ဆာရဲ့ဖန်တီးပေးမှုကနေ ဘယ်ခြေနဲ့အပေါ်ထောင့်ကို အပြင်းကန်သွင်းယူခဲ့ပါတယ်။ လပေါင်းများစွာ တံကောက်ကြောဒဏ်ရာနဲ့ နပန်းလုံးနေခဲ့ရပြီး မတ်လ နဲ့ စက်တင်ဘာတုန်းက အင်္ဂလန်အသင်းရဲ့ပွဲစဉ်တွေကို ဆာကာတစ်ယောက် လွဲချော်ခဲ့ပါတယ်။
ဒါပေမယ့် အခုလိုပြန်လာနိုင်ချိန်မှာလည်း အင်္ဂလန်အတွက် ထပ်မံခြေစွမ်းပြနိုင်ခဲ့ပါတယ်။ “ဒီရာသီကို ကျွန်တော် ဒဏ်ရာနဲ့စတင်ခဲ့ရပါတယ်။ အဲ့တာ ကျွန်တော့်ကိုအနည်းငယ်အဆင်မပြေဖြစ်ခဲ့စေပေမယ့် အခုလိုနောက်တစ်ကြိမ်ပြန်လည်ပွဲထွက်ခွင့်ရတာက ခံစားချက်ကောင်းစေပါတယ်။
ကျွန်တော့်အကောင်းဆုံးအနေအထားကို မရောက်သေးပါဘူး။ ဒါပေမယ့် ကျွန်တော် အခုခံစားချက်နောက်တစ်ကြိမ်ကောင်းနေပါတယ်။ ကျွန်တော် နောက်ဆုံး ၃ ပွဲကိုဂိုးသွင်းနိုင်ခဲ့လို့ ပျော်ရွှင်မိပါတယ်။ အဲ့တာကိုလည်း ဆက်လုပ်ချင်နေပါတယ်။ အင်္ဂလန်ပွဲတော်တော်များများကို ကျွန်တော်လွဲချော်ခဲ့ပါတယ်။ အထူးသဖြင့် တူချယ်လက်အောက်မှာပါ။ ကျွန်တော် ပြန်လာချိန်မှာလည်း ဂိုးမသွင်းနိုင်ပါဘူး။
အခုလိုဂိုးပြန်သွင်းနိုင်တာက ထူးခြားတဲ့ခံစားချက်ပါ။ တောင်ပံနေရာအတွက် ပြိုင်ဆိုင်မှုဆိုတာ ရှိလာနိုင်ပါတယ်။ အဲ့တာက ကျွန်တော့်အတွက် အသစ်တစ်ခုပါ။ဒါပေမယ့် တစ်ချိန်တည်း မှာပဲ ကျွန်တော်ပြောခဲ့သလို အဲ့တာက မျှတသလို ကျန်းမာစေပါတယ်။ ကျွန်တော်အကောင်းဆုံးစွမ်းဆောင်ရည်ပြသနိုင်ဖို့ လိုအပ်ပါတယ်။ အခြားကစားသမားတွေလည်း ကျွန်တော့်ပတ်ဝန်းကျင်မှာရှိနေပါတယ်။
တစ်ဦးနဲ့တစ်ဦးတွန်းအားပေးပြီး ထိပ်တန်းစွမ်းဆောင်ရည်ရအောင် ကြိုးစားရမှာပါ”လို့ ဆာကာက ပြောကြားခဲ့ပါတယ်။ ဆာကာတစ်ယောက် ဝင်ဘာလေမှာ ဂိုးသွင်းနိုင်ခဲ့တာက သမိုင်းဝင်ဖြစ်လာခဲ့ပြီး အင်္ဂလန်အတွက် ၁၃ ဂိုးအထိ ရှိလာခဲ့ပါတယ်။ အဆိုပါစံချိန်ဟာ အာဆင်နယ်ကစားသမားတွေထဲမှာ အင်္ဂလန်သမိုင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူတဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။
အင်္ဂလန်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၅ ပွဲမှာ ၅ ပွဲစလုံးအနိုင်ရရှိထားပြီး ၁၃ ဂိုးသွင်း ၊ ပေးဂိုးမရှိသေးတာဖြစ်ပါတယ်။ လာမယ့်အင်္ဂါညမှာ အင်္ဂလန်အသင်းဟာ လက်ဗီးယားနဲ့ကစားရမှာဖြစ်ပြီး ဆာကာတစ်ယောက် ဆက်လက်စွမ်းဆောင်ရည်ကောင်းပြသနိုင်ဖို့ မျှော်လင့်နေပါတယ်။