ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှု ပယ်ချခံရပြီးနောက် အာနိုးလ်ကို ဝေဖန်ခဲ့တဲ့ ကာရေဂါ
ရီးရဲလ်မက်ဒရစ်ရဲ့အပြင်းအထန်ချိတ်ဆက်မှုပေါ်ပေါက်လာပြီးနောက် မိမိကိုယ်ကိုခုခံကာကွယ်ဖို့ ကြိုးစားနေတယ်လို့ ထိုးနှက်ရင်း အာနိုးလ်နဲ့ သူ့ရဲ့အေးဂျင့်ကို ကာရေဂါက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ လတ်တလောထွက်ပေါ်နေတဲ့သတင်းတွေအရ ရီးရဲလ်မက်ဒရစ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာပဲ အင်္ဂလန်ညာနောက်ခံလူကို ခေါ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။
ဒီသတင်းတွေမှာပဲ ရီးရဲလ်မက်ဒရစ်က လာမယ့်နွေရာသီမှာ အာနိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် အပြည့်အဝယုံကြည်နေတယ်လို့ ဖော်ပြခဲ့ပြီး ကာရေဂါကတော့ စပိန်ဘီလူးကြီးတွေရဲ့ အခုတစ်ကြိမ်ကမ်းလှမ်းမှုဟာ အာနိုးလ်ရဲ့ရာသီကုန်လမ်းခွဲမှုအပေါ် အကာအကွယ်ပေးနိုင်ဖို့ တီထွင်ဖန်တီးထားတဲ့အရာသာ ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
ဒါ့အပြင် ကာရေဂါက အန်းစလော့လက်အောက် ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ ကြိုးပမ်းနေတဲ့ ကြိုးကြာနီတွေအတွက် အဆင်မပြေနိုင်တဲ့အခိုက်အတန့်တစ်ခုမှာ ရီးရဲလ်မက်ဒရစ်ရဲ့ကမ်းလှမ်းမှု ပေါ်ပေါက်လာတယ်လို့ ယုံကြည်နေပါတယ်။ လီဗာပူးက ဇန်နဝါရီ ၅ ရက်မှာ မန်ချက်စတာယူနိုက်တက်နဲ့ ရင်ဆိုင်ပြီးနောက် တော့တင်ဟမ်နဲ့ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပ-ကျော့)ပွဲစဉ်ကို ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။
X လူမှုကွန်ရက်မှတဆင့် ကာရေဂါက “၂၀၂၅ ခုနှစ်မှာ လီဗာပူးအသင်းအတွက် အရေးအကြီးဆုံးအရာက ပရီးမီးယားလိဂ်ချန်ပီယံဆုဆွတ်ခူးနိုင်ဖို့ပါပဲ။ ဒီလိုအချိန်မျိုးမှာ တစ်ဦးဦးရဲ့စာချုပ်ကိစ္စတွေ၊ အနာဂတ်ကိစ္စတွေ မရှိလာသင့်ပါဘူး။
ကျွန်တော်က အာနိုးလ်ကို ကစားသမားတစ်ဦးအဖြစ်ရော၊ လီဗာပူးမြို့သားတစ်ဦးအဖြစ်ပါ ကြိုက်နှစ်သက်ပါတယ်။ ဒါပေမယ့် သူ့ရဲ့အေးဂျင့်က ရီးရဲလ်မက်ဒရစ်ဆီ ကမ်းလှမ်းဖို့ တိုက်တွန်းပြီး ဒီကမ်းလှမ်းမှုကို လီဗာပူးအသင်းဘက်မှ ပယ်ချလိမ့်မယ်ဆိုတဲ့အကြောင်းကိုလည်း သေချာပေါက် သိနေပါလိမ့်မယ်။ ဒါက အာနိုးလ် အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမယ့်အချိန် ကစားသမားရော၊ အေးဂျင့်ပါ သူတို့ကိုသူတို့ အကာအကွယ်ရရှိအောင် ကြိုးစားတာပဲ ဖြစ်ပါတယ်။
ဒါက ပွဲကြီးပွဲကောင်းတစ်ခုရောက်ရှိလာဖို့ရှိနေချိန် ကလပ်အသင်းအတွက်ရော၊ ပရိသတ်တွေအတွက်ပါ မလိုလားအပ်တဲ့အရာတစ်ခု ဖြစ်ပါတယ်”လို့ ပြောပါတယ်။ လက်ရှိမှာ လီဗာပူးအသင်းက အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ ပရီးမီးယားလိဂ်ရဲ့အံဖွယ်ကလပ် နော်တင်ဟမ်ဖောရက်စ်ကို ခုနစ်မှတ်ဖြတ်ကာ အမှတ်ပေးဇယားကို ဦးဆောင်ထားပါတယ်။