မန်စီးတီးနဲ့ ရင်ဆိုင်နေရတဲ့ တိုက်ပွဲအတွင်း လီဗာပူးနဲ့ အာဆင်နယ်တို့ ဘာလုပ်ရမလဲဆိုတာ ရှင်းပြလာတဲ့ ဂယ်ရီနဗီးလ်
လီဗာပူးနဲ့ အာဆင်နယ်တို့ဟာ ပရီးမီးယားလိဂ်ချန်ပီယံဆု ကိုင်မြှောက်နိုင်ဖို့ အခြားအသင်းတွေကို အားကိုးလို့မရဘဲ မန်စီးတီးကို မဖြစ်မနေအနိုင်ယူနိုင်ရမယ်လို့ ဘောလုံးဝေဖန်ရေးသမား ဂယ်ရီနဗီးလ်က ယုံကြည်နေပြီး ယာဂန်ကလော့ပ်ထွက်ခွာမှုကလည်း ခြားနားမှုတစ်ခု လုပ်ပေးနိုင်တယ်လို့ ဝန်ခံလိုက်ပါတယ်။
လီဗာပူးက လာမယ့်မတ် ၁၀ ရက်၊ အန်ဖီးလ်ကွင်းမှာ ပက်ဂွါဒီယိုလာရဲ့အသင်းကို ဧည့်ခံကစားရဖို့ရှိပြီး ဒီနှစ်သင်းအကြား ရမှတ်တစ်မှတ်သာ ကွာဟနေပါတယ်။ ယမန်နေ့ညပိုင်း၊ မန်ချက်စတာဒါဘီသက်သောင့်သက်သာနိုင်ပွဲအပြီး မန်စီးတီးက အမှတ်ပေးဇယား ဦးဆောင်နေသူတွေနဲ့ ရမှတ်ကွာဟမှုကို လျှော့ချနိုင်ခဲ့ပြီး အာဆင်နယ်က လီဗာပူးနဲ့ ငါးမှတ်အကွာ၊ မန်စီးတီးနဲ့ လေးမှတ်အကွာ နေရာမှာ ရပ်တည်နေပါတယ်။
ဒါပေမယ့် ဂန်းနားတွေက အခုညပိုင်း၊ အဝေးကွင်းမှာ ရှက်ဖီးလ်ယူနိုက်တက်ကို အနိုင်ရမယ်ဆိုရင် ရမှတ်ကွာဟမှုကို လျှော့ချသွားနိုင်ပါလိမ့်မယ်။ လီဗာပူးနဲ့ အာဆင်နယ်တို့က မန်စီးတီးကို ကျော်ဖြတ်ပြီး ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူလိုတယ်ဆိုရင် ချန်ပီယံပြေးလမ်းပေါ်ရှိ ဆုဖလားယှဉ်ပြိုင်နေသူတွေရဲ့ လာမယ့်ပွဲစဉ်တွေက အလွန်အရေးပါနေတယ်လို့ ဂယ်ရီနဗီးလ်က ယုံကြည်နေပါတယ်။
သူက “ချန်ပီယံဆုအတွက် မန်စီးတီးကို အနိုင်ကစားသွားရလိမ့်မယ်ဆိုတာ လီဗာပူးနဲ့ အာဆင်နယ်တို့ တွေးထားဖို့ လိုအပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ မန်စီးတီးကိုယ်တိုင်ကလည်း သူတို့တွေ ချန်ပီယံဆုရရှိသွားနိုင်တယ်လို့ ယုံကြည်နေတာကြောင့် လီဗာပူးနဲ့ အာဆင်နယ်တို့က အခုလမ်းကြောင်းကို ဖန်တီးပြီး ကြီးမားတဲ့အပြောင်းအလဲကို လုပ်သွားဖို့ လိုအပ်တယ်ဆိုတာ သူတို့တွေ တွေးထားရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်တို့အသင်း အမှတ်ပေးဖလား ဆုံးရှုံးလိုက်ရတဲ့အခိုက်အတန့်တွေမှာ ပြိုင်ဘက်က အိုးထရက်ဖို့ဒ်အထိလာပြီး အနိုင်ယူသွားတဲ့အချိန်တွေဖြစ်တယ်လို့ ကျွန်တော် အမြဲတမ်းတွေးမိနေပါတယ်။ သူတို့က အိုးထရက်ဖို့ဒ်မှာ သရေတစ်မှတ်အတွက် ဦးတည်ကစားတာမျိုး မဟုတ်ဘဲ ကျွန်တော်တို့ကို အံ့အားသင့်သွားအောင် ကစားသွားဖို့ပဲ ရည်ရွယ်ထားခဲ့ပါတယ်
“လီဗာပူးနဲ့ အာဆင်နယ်တို့ လုပ်သွားရမယ့်အရာတစ်ခုက ပက်ဂွါဒီယိုလာရဲ့အသင်းမှာ ရှိနေတဲ့ ယုံကြည်မှုကို ရိုက်ချိုးသွားဖို့ပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုလိုအချိန်မျိုးမှာ ဒါမျိုးလုပ်နိုင်ရင် မန်စီးတီးကိုယ်တိုင် အတိတ်ဆိုးနမိတ်ဆိုးတွေ ဖြစ်တယ်လို့ တွေးနေမိလိမ့်မယ်ဆိုတဲ့ အချက်ကြောင့် ဖြစ်ပါတယ်။ လီဗာပူးက အရှိန်အဟုန်ရနေပြီး ခွန်အားတွေလည်း ပြည့်ဝနေပါတယ်။ ဒါ့အပြင် ကလော့ပ်ထွက်ခွာမယ့် ကိစ္စလည်း ရှိနေပါတယ်။ အာဆင်နယ်ကလည်း လက်ရှိအခိုက်အတန့်မှာ ခံစစ်ပိုင်းစွမ်းဆောင်ရည် အရမ်းကောင်းမွန်နေသလို တိုက်စစ်ပိုင်းကိုလည်း ယုံကြည်မှုရှိရှိကစားနေပါပြီ။ မန်စီးတီးကတော့ အတွေ့အကြုံပိုင်း ပိုအားကောင်းပါတယ်။ အသင်းသုံးခုလုံးမှာ အားသာချက်ကိုယ်စီ ရှိနေကြပါတယ်။ ဘယ်အသင်းအသာရသွားမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။
“မန်စီးတီးက နောက်တစ်ကြိမ်ဆုဖလားကို ဆက်သိမ်းပိုက်နိုင်မလား? အာဆင်နယ်ကပဲ မနှစ်တုန်းက မရလိုက်တဲ့အရာကို ဒီနှစ်မှာ အရယူနိုင်မလား? မနှစ်တုန်းကတော့ အာဆင်နယ်က ဆယ်ပွဲလောက်အလိုကျမှ ဆုဖလားကို လက်လွှတ်ခဲ့ရပါတယ်။ အခုလည်း အဲ့ဒီအခြေအနေဆီ ပြန်ရောက်လာပါပြီ။ ကျွန်တော်ကိုယ်တိုင်လည်း မန်စီးတီးလို အဆင့်အတန်းမျိုးမှာ အာဆင်နယ်ကို အမြဲတမ်းလိုလို မြင်တွေ့ချင်ခဲ့ပါတယ်။ သူတို့တွေက ဆာလီဘာ၊ ဒီကလန်ရိုက်စ်တို့နဲ့အတူ တိုးတက်လာခဲ့ပြီလို့ ကျွန်တော် ထင်ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီထက် အာဆင်နယ်က ပိုကောင်းလာသလို ခွန်အားတွေလည်း ပိုမိုပြည့်ဝနေပါပြီ။ ဘယ်အသင်း အသာရသွားမလဲဆိုတာ သိရမှာဖြစ်လို့ နောက်ပွဲစဉ်တွေကို ကျွန်တော် မစောင့်ဆိုင်းနိုင်တော့ပါဘူး။ မန်စီးတီးက ဒီပြိုင်ပွဲမှာ စံသတ်မှတ်ချက်လိုဖြစ်နေလို့ သူတို့တွေ မန်စီးတီးကို အနိုင်ကစားဖို့ လိုအပ်နေပါတယ်။ မန်စီးတီးကို အနိုင်မကစားထားဘဲ မန်စီးတီးလည်း အမှတ်တွေ လျော့ဦးမှာပါလို့ လာပြောနေလို့မရပါဘူး။ လီဗာပူးပဲဖြစ်ဖြစ်၊ အာဆင်နယ်ပဲဖြစ်ဖြစ် မန်စီးတီးကို အနိုင်ကစားသွားရပါမယ်”လို့ ပြောပါတယ်။