The network connection is lost.

Banner Image

ချဲလ်ဆီးဟာ လာမယ့်ဆယ်စုနှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုးလိမ့်မယ်လို့ မာရက်စ်ကာ ပြောကြား

ချဲလ်ဆီးအသင်းနည်းပြ မာရက်စ်ကာ မိမိတို့အသင်းဟာ လာမယ့်ဆယ်စုနှစ်အတွင်း အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုးလိမ့်မယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။ ချဲလ်ဆီးဟာ လက်ရှိအချိန်မှာ ရလဒ်ကောင်းတွေရယူထားနိုင်ပြီး အာဆင်နယ်နဲ့ ရမှတ်တူ ၊ လီဗာပူးအသင်းနဲ့ ၉ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာ ချဲလ်ဆီးဟာ ဇယားအောက်ခြေက ဆောက်သမ်တန်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး လီဗာပူးက နယူးကာဆယ် ၊ အာဆင်နယ်က ယူနိုက်တက်တို့နဲ့ ပွဲကျပ်တွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ အင်္ဂါနေ့တုန်းက အင်တာဗျူးမှာ မာရက်စ်ကာ ချဲလ်ဆီးအသင်းရဲ့တိုးတက်လာမှုကို ပြောကြားခဲ့သလို လာမယ့်အနာဂတ်အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

“သူတို့ (အာဆင်နယ်)က ပြီးခဲ့တဲ့ ၂ နှစ်အတွင်း စီးတီးကို အနီးကပ်ဆုံးဖိအားပေးနိုင်ခဲ့ပါတယ်။ ကျွန်တော်တို့ စီးတီးနဲ့ တော်တော်ဝေးနေပါသေးတယ်။ချန်ပီယံဆုက ကျွန်တော့်အတွက်ကော ကစားသမားတွေအတွက် ကောင်းမွန်တဲ့ဖိအားပါ။

အဲ့လိုဖိအားမျိုးကို ကျွန်တော်တို့ ကြိုက်ပါတယ်။ ဒါပေမယ့် အခုချိန်မှာ အဲ့တာနဲ့ကအလှမ်းဝေးနေပါသေးတယ်။ အာဆင်နယ်က ပြီးခဲ့တဲ့ ၂ ရာသီအတွင်း အရမ်းကိုမှနီးစပ်ခဲ့ပါတယ်။ လီဗာပူးအသင်းကလည်း အတူတူပါပဲ။ သေချာတာက မကြာခင်မှာ ကျွန်တော်တို့လည်း အဲ့လိုဖြစ်လာနိုင်ပါတယ်။ ချဲလ်ဆီးအသင်းမှာ အနာဂတ်ကောင်းရှိနေပါတယ်။ ဘာလို့လဲဆိုတော့ အသက်အရွယ် နဲ့ အသင်းလူအင်အားကြောင့်ပါ။

ကျွန်တော့်အတွက်တော့ ချဲလ်ဆီးက လာမယ့် ၅ နှစ်ကနေ ၁၀ နှစ်အတွင်းမှာ အင်္ဂလိပ်ဘောလုံးလောကကို စိုးမိုးထားနိုင်မယ့်အသင်းဖြစ်လာမယ်လို့ မြင်မိပါတယ်။ ကျွန်တော်တို့ မှန်ကန်တဲ့လမ်းကြောင်းပေါ်မှာရှိနေတယ်လို့ ထင်ပါတယ်။
အပြင်ဘက်မှာ ရုန်းကန်နေရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ လာမယ့်ဆောက်သမ်တန်နဲ့ပွဲကို အာရုံစိုက်ထားပါတယ်။ ရာသီအကုန်အကြောင်း အာရုံမစိုက်ထားပါဘူး။

လာမယ့်ရာသီ နဲ့  ၂ ရာသီလောက်အထိ ကျွန်တော်တို့အတွက် မဟုတ်သေးပါဘူး။ ရာသီအစကတည်းက ကျွန်တော်တို့ ဆိုးဝါးခဲ့ပါတယ်။ ဒီပွဲက ကျွန်တော်တို့အတွက် ခက်ခဲနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။

အဲ့လိုမှမဟုတ်ရင် ကျွန်တော်တို့အတွက် ဆိုးဝါးတဲ့နေ့ဖြစ်လာနိုင်ပါတယ်။ ရလဒ်တွေကို သုံးသပ်မယ်ဆိုရင် သူတို့က လီဗာပူးကိုဒုက္ခပေးနိုင်ခဲ့သလို အနိုင်ရဖို့တောင် နီးစပ်ခဲ့ပါတယ်။ စီးတီးကို ၁-၀ နဲ့အရေးနိမ့်ခဲ့ပေမယ့် ဘရိုက်တန်ကို နောက်ဆုံးပွဲမှာ သရေကန်ထားခဲ့ပါတယ်”လို့ မာရက်စ်ကာက ဖြေကြားခဲ့ပါတယ်။

မာရက်စ်ကာက နောက်ခံလူ ဖိုဖာနာတစ်ယောက် ဗီလာနဲ့ပွဲမှာ ဒဏ်ရာရရှိခဲ့ပြီး ရက်အတော်ကြာနားရမှာဖြစ်သလို ရိစ်ဂျိမ်းကတော့ ဒဏ်ရာကနေ ပြန်လာနိုင်ခဲ့ပြီဖြစ်ပါတယ်။