
အရောင်းစာရင်းထဲမှကစားသမားတွေဟာ အသင်းနဲ့ပြန်လည်ပူးပေါင်းခွင့်ရမှာမဟုတ်ကြောင်း မာရက်စ်ကာအသိပေး
ချဲလ်ဆီးနည်းပြအန်ဇိုမာရက်စ်ကာက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလအတွင်း အရောင်းစာရင်းထဲမှာရောက်ရှိခဲ့ပေမယ့် အသင်းသစ်သို့ထွက်ခွာနိုင်ခဲ့ခြင်းမရှိတဲ့ကစားသမားတွေဟာ အသင်းနဲ့ပြန်လည်ပူးပေါင်းခွင့်ရမှာမဟုတ်ဘဲ လေ့ကျင့်ရေးအစီအစဉ်တွေပါ အတူတူလုပ်ဆောင်ခွင့်ရမှာမဟုတ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
အဆိုပါကစားသမားတွေထဲမှာ ရာဟင်းမ်စတာလင်၊ ဒီဆာဆီနဲ့ ဖိုဖာနာတို့လည်း ပါဝင်နေတာကြောင့် အရောင်းစာရင်းထဲမှ ကစားသမားတွေအားလုံး ဇန်နဝါရီအပြောင်းအရွှေ့ကာလရောက်ရှိအောင် စောင့်ဆိုင်းသွားရတော့မှာဖြစ်ပါတယ်။ အသက်-၃၀ နှစ်အရွယ်သာရှိသေးတဲ့ စတာလင်ဟာ ချဲလ်ဆီးနဲ့ စာချုပ်သက်တမ်း ၂ နှစ်ကျန်ရှိနေသေးပြီး တစ်ပတ်လုပ်ခ ပေါင် ၃ သိန်းအထိရရှိနေတာဖြစ်ပါတယ်။
အသက်-၂၇ နှစ်အရွယ် ဒီဆာဆီကတော့ ချဲလ်ဆီးမှာ တစ်ပတ်လုပ်ခပေါင် ၁ သိန်းဝန်းကျင်အထိရရှိနေတာဖြစ်ပါတယ်။ သို့သော်လည်း မာရက်စ်ကာအနေနဲ့ ကစားသမား ၂ ဦးစလုံးကို အသင်းမှာပြန်လည်အသုံးပြုမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။
စနေနေ့မှာတော့ ချဲလ်ဆီးဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ ကိုးလ်ပယ်လ်မာပြန်လည်ပါဝင်လာနိုင်ပေမယ့် ရိုမီရိုလာဗီယာနဲ့ ဘာဒီယာရှီးလ်တို့ကတော့ လွဲချော်သွားမှာဖြစ်ပြီး တိုက်စစ်မှူး လီယမ်ဒီလပ်ကလည်း ဒဏ်ရာကြောင့် ၃ လလောက်အထိအနားယူရမှာဖြစ်ပါတယ်။ ဒါ့အပြင် နောက်ခံလူ လီဗိုင်ကိုဝဲလ်ကလည်း ဒူးဒဏ်ရာကြောင့် တစ်ရာသီလုံး အနားယုရဖို့ရှိနေပါတယ်။
အသင်းမှာ ကစားသမားလိုအပ်ချက်တွေရှိနေပေမယ့် အရောင်းစာရင်းထဲမှကစားသမားတွေနဲ့ပတ်သက်ပြီး မာရက်စ်ကာက "သူတို့က အသင်းနဲ့စာချုပ်တွေကျန်နေသေးလို့ ချဲလ်ဆီးကစားသမားတွေအဖြစ်ဆက်ရှိနေမှာပါ။ လောလောဆယ်မှာတော့ သူတို့အားလုံး အသင်းနဲ့အတူ လေ့ကျင့်ရေးဆင်းခွင့်မရသေးပါဘူး။ သူတို့က အသင်းမှာလည်း ပြန်လည်ထည့်သွင်းသွားမှာမဟုတ်ပါဘူး။ ဒါက ကျွန်တော်ရာသီအစကတည်းက ဆုံးဖြတ်ထားတာပါ။ အကယ်ဒမီကစားသမားတွေကိုတော့ ကျွန်တော်သဘောကျပါတယ်။ သူတို့ကိုတော့ အသင်းရဲ့လူစာရင်းထဲမှာ ထည့်သွင်းသွားနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။