ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမယ်လို့ ရေပန်းစားနေတဲ့ ရိုဆင်နီယာက နည်းပြကောင်းတစ်ယောက်ဖြစ်တယ်လို့ ထောက်ခံလိုက်တဲ့ ရွန်းနီ
မကြာသေးမီက ထုတ်ပယ်လိုက်တဲ့ နည်းပြအန်ဇိုမာရက်စ်ကာရဲ့နေရာမှာ ချဲလ်ဆီးဟာ နည်းပြသစ်နဲ့အစားထိုးဖို့ ဈေးကွက်အတွင်းရှာဖွေမှုတွေပြုလုပ်နေပြီး ယခုအခါမှာတော့ လီဂူးဝမ်း စထရာဘော့ကလပ်မှ နည်းပြ လီယမ်ရိုဆင်နီယာကို ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ထားတာဖြစ်ပါတယ်။
ရိုဆင်နီယာအနေနဲ့လည်း ချဲလ်ဆီးသို့ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေတာကြောင့် လာမယ့် ကြာသပတေးနေ့ ဖူလ်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီမှာပဲ နည်းပြသစ်အဖြစ် တရားဝင်ခန့်အပ်ခံရမယ်လို့ ထင်ကြေးပေးထားကြပြီး ယခုအခါမှာ ယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီကပါ ရိုဆင်နီယာက နည်းပြကောင်းတစ်ယောက်ဖြစ်တယ်လို့ ထောက်ခံပြောကြားလာခဲ့ပါတယ်။
ရိုဆင်နီယာဟာ ဒါဘီကောင်တီအသင်းမှာရှိနေစဉ်က ရွန်းနီရဲ့လက်ထောက်နည်းပြအဖြစ် ဆောင်ရွက်ခဲ့ဖူးသူဖြစ်ပြီး ယခုအခါမှာ ရွန်းနီရဲ့ချီးကျူးမှုကို ရရှိလာခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်လက်ရွေးစင်ဟောင်းက "ရိုဆင်နီယာက အခွင့်အရေးကို ရဲရဲဝံ့ဝံ့ယူတတ်တဲ့သူပါ။ ဒါက သူ့အတွက် အခွင့်အရေးကောင်းဖြစ်လာမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကျွန်တော်လက်တွဲခဲ့ဖူးသမျှနည်းပြတွေထဲမှာ အတော်ဆုံးတစ်ယောက်ဖြစ်နေလို့ပါပဲ "
"ဒါဘီမှာတုန်းက သူက ကျွန်တော့်အတွက် အရမ်းအရေးပါခဲ့ပါတယ်။ သူ့ရဲ့စွမ်းရည်က အံ့မခန်းပါပဲ။ ကျွန်တော်က ကစားသမားတွေကို ကိုင်တွယ်တာနဲ့ တခြားစီမံခန့်ခွဲမှုအပိုင်းတွေကို ပိုလုပ်ဖြစ်ပြီး သူကတော့ နည်းပြပိုင်းမှာ တာဝန်ယူခဲ့ပါတယ်။ သူ့ဆီကနေ ကျွန်တော်အများကြီးသင်ယူခဲ့ရလို့ သူက ဘယ်လောက်အထိတော်တယ်ဆိုတာ ကျွန်တော်ကောင်းကောင်းသိပါတယ်"
"သူဟာ ဒီအလုပ်ကို လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သူ့ကိုယ်သူ သံသယရှိမှာ မဟုတ်ပါဘူး။ သူ ချဲလ်ဆီး နည်းပြဖြစ်လာပြီဆိုတဲ့ သတင်းကို မကြာခင်မှာ ကြားရဖို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အင်္ဂလန်လူငယ်နည်းပြတွေအတွက် အရေးပါလို့ပါ။ အသင်းကြီးတွေမှာ အင်္ဂလန်နည်းပြတွေကို တွေ့ရခဲပါတယ်။ ဒါကြောင့် သူသာ ချဲလ်ဆီးမှာ ခန့်အပ်ခံရရင် ကျွန်တော်တို့အင်္ဂလန်နည်းပြတွေအတွက် လမ်းဖွင့်ပေးသလို ဖြစ်စေပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။