The network connection is lost.

Banner Image

ဒဏ်ရာအခြေအနေကြောင့် အန်ဒိုရာနဲ့ပွဲကို လွဲချော်မယ့် ဆာကာ

အာဆင်နယ်အသင်းရဲ့ ကစားသမား ဘူကာယိုဆာကာဟာ နည်းပြ သောမတ်စ် တူချယ်လက်အောက်မှာ အင်္ဂလန်အသင်းအတွက် ပထမဆုံးပွဲထွက်ခွင့်ရဖို့ အချိန်အနည်းငယ် စောင့်ရဦးမယ်လို့ သိရပါတယ်။ အာဆင်နယ်ကြယ်ပွင့်ဟာ ပြီးခဲ့တဲ့ မတ်လက ဝေဘလေကွင်းမှာ အယ်လ်ဘေးနီးယားနဲ့ လတ်ဗီးယားတို့ကို ယှဉ်ပြိုင်တဲ့ပွဲတွေမှာ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိပါဘူး။ ပရီးမီးယားလိဂ် ရာသီပိတ် ဆောက်သမ်တန်နဲ့ပွဲမှာလည်း ဒဏ်ရာရရှိခဲ့တာကြောင့် အင်္ဂလန်အသင်းနဲ့အတူ လေ့ကျင့်ခန်းတွေမှာ ကန့်သတ်ချက်တွေရှိခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ စနေနေ့ည ဘာစီလိုနာမှာ အန်ဒိုရာနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ဂျီရိုနာမှာ လေ့ကျင့်ရေးပြုလုပ်ခဲ့တာပါ။

နည်းပြ တူချယ်ကတော့ အင်္ဂလန်အသင်းကို ပြန်လည်ခေါ်ယူခံရတဲ့ ဆာကာဟာ သောကြာနေ့မှာမှ ပထမဆုံးအကြိမ် အပြည့်အဝ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပြီး အန်ဒိုရာနဲ့ပွဲမှာ ပါဝင်နိုင်ဖို့ မသေချာဘူးလို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂါနေ့ည နော်တင်ဟမ်မှာ ဆီနီဂေါနဲ့ ကစားမယ့် ခြေစမ်းပွဲမှာတော့ ပါဝင်ကစားနိုင်မယ်လို့ သိရပါတယ်။

တူချယ်က"သူက ဆောက်သမ်တန်နဲ့ နောက်ဆုံးပွဲကနေ နည်းနည်း ဒဏ်ရာရပြီး ဒီကို ရောက်လာတာမို့ ဒီနေ့အထိ သူ့ကို ဂရုစိုက်ပြီး တစ်ဦးချင်းစီကုသပေးခဲ့တာပါ။ အဖွဲ့နဲ့အတူ စတင်ပြီး အဆုံးသတ်နိုင်တဲ့ ပထမဆုံးလေ့ကျင့်ခန်းပါပဲ။ မနေ့ကတော့ အဖွဲ့နဲ့ စတင်ခဲ့ပေမဲ့ အဆုံးထိ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါကြောင့် ကြည့်ရဦးမယ်။ မနက်ဖြန်ပွဲအတွက် ကျွန်တော်တို့ စွန့်စားမလားဆိုတာတော့ မသေချာဘူး။ ဆုံးဖြတ်ချက် မချရသေးဘူး။ ဒါပေမဲ့ သူက ဆီနီဂေါနဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေမှာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အသင်းကို ဘယ်လိုတည်ဆောက်မလဲဆိုတာမှာ သူ့အခန်းကဏ္ဍက အရေးပါပါတယ်" လို့ ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် ဆာကာဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြွက်သားဒဏ်ရာရခဲ့ပြီး ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ဒီရာသီမှာ သုံးလကျော်အနားယူခဲ့ရပါတယ်။ ဒါကြောင့် အာဆင်နယ်အသင်းက အင်္ဂလန်အသင်းအနေနဲ့ ဆာကာရဲ့ ကြံ့ခိုင်မှုအတွက် မလိုအပ်တဲ့ စွန့်စားမှုမလုပ်ဖို့ အထူးတောင်းဆိုနေပါတယ်။ တူချယ်ကတော့ ထရန့်အလက်ဇန်းဒါး-အာနိုးလ်နဲ့ နိုနီ မာဒူကီတို့ကို ပြန်လည်ခေါ်ယူခဲ့ပေမဲ့ အန်ဒိုရာနဲ့ပွဲမှာတော့ အသေးစားဒဏ်ရာရရှိခဲ့တဲ့ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝတ်ကင်းစ် မပါဝင်နိုင်ဘူးလို့ အတည်ပြုထားပါတယ်။ ဝက်ကင်းစ်နေရာအတွက် အစားထိုးကစားသမားလည်း မခေါ်ယူခဲ့ပါဘူး။