အက်ဖ်အေဖလားပြိုင်ပွဲမှ နုတ်ထွက်ခဲ့ရပြီးနောက် ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေကို နားလည်နိုင်ကြောင်းပြောကြားလာတဲ့ ဖရန့်ခ်
အက်စတွန်ဗီလာကိုရှုံးနိမ့်ကာ အက်ဖ်အေဖလားပြိုင်ပွဲမှနုတ်ထွက်ခဲ့ရပြီးနောက် တော့တင်ဟမ်နည်းပြ သောမတ်စ်ဖရန့်ခ်က သူ့အနေနဲ့ ပွဲအပြီးမှာ ပရိသတ်တွေရဲ့လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပေမယ့် သူတို့ရဲ့ခံစားချက်တွေကို နားလည်နိုင်ကြောင်း ပြောကြားလာခဲ့ပါတယ်။
တော့တင်ဟမ်ဟာ အက်စတွန်ဗီလာကို ၂-၁ နဲ့အရေးနိမ့်ကာ ပြိုင်ပွဲကနေ နုတ်ထွက်ခဲ့ရတာဖြစ်ပြီး ပွဲအပြီးမှာတော့ အသင်းပရိသတ်တွေရဲ့ဝေဖန်မှုတွေ၊ လှောင်ပြောင်မှုတွေနဲ့ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဖရန့်ခ်က "ကျွန်တော်တို့ရဲ့ ဒုတိယပိုင်းကစားပုံက ကျွန်တော်တို့ လိုချင်တဲ့အတိုင်းပါပဲ။ စွမ်းအင် အပြည့်နဲ့၊ အရှိန်အဟုန်ပြင်းပြင်းနဲ့ တိုက်စစ်ဆင်ခဲ့သလို ပရိသတ်တွေကလည်း ကျွန်တော်တို့ကို တွန်းအားပေးခဲ့ကြပါတယ်"
"ကျွန်တော်တို့ တစ်ဂိုးရခဲ့သလို ဒုတိယဂိုးရဖို့ အခွင့်အရေးတွေလည်း ရှိခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ အဲဒီဂိုးကို မရခဲ့သလို နောက်ဆုံးမှာတော့ လုံလောက်မှု မရှိခဲ့ပါဘူး။ တကယ်လို့ ကျွန်တော်တို့သာ နှစ်ပိုင်းစလုံးကို အဲဒီလို ကစားနိုင်ခဲ့ရင် ဒီပွဲကို အနိုင်ရမှာပါ"
"ပရိသတ်တွေရဲ့ စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ ဒါဟာ နားလည်ပေးလို့ရတဲ့ ကိစ္စပါ။ ဒါပေမဲ့ ဒုတိယပိုင်းမှာ အသင်းနဲ့ ပရိသတ်တွေကြားက စည်းလုံးမှုကို မြင်တွေ့ရတာက တကယ့်ကို ကောင်းမွန်ပါတယ်။ ဒါဟာ ရှေ့ဆက်ပြီး ကျွန်တော်တို့ တည်ဆောက်သွားရမယ့် အရာပါပဲ" လို့ပြောကြားခဲ့ပါတယ်။
ပွဲအပြီးမှာ အက်စတွန်ဗီလာတိုက်စစ်မှူး အိုလီဝက်ကင်းစ်ဟာ ဗီလာပရိသတ်တွေရှေ့သွားရောက် အောင်ပွဲခံခဲ့ရာမှာ တော့တင်ဟမ်ကွင်းလယ်လူ ဂျာအိုပယ်လင်ဟာနဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ရုန်းရင်းဆန်ခတ်အခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ကစားသမားတွေအပေါ် ထိန်းချုပ်မှုအားနည်းနေသလားဆိုတဲ့မေးခွန်းကို ဖရန့်ခ်က " အားလုံး အေးအေးဆေးဆေး ရှိဖို့က အရေးကြီးပါတယ်။ ကစားသမားတွေက အစွမ်းကုန် ကြိုးစားခဲ့ကြပေမဲ့ ကပ်ပြီး ရှုံးသွားတဲ့အခါ၊ တစ်ရာသီလုံး အဆင်မပြေဖြစ်နေတဲ့အခါမှာ ဒါမျိုး ဖြစ်တတ်ပါတယ်။ အိုလီက ဗီလာပရိသတ်တွေရှေ့မှာ သွားပြီးအောင်ပွဲခံတာက ရန်စသလို ဖြစ်နေပါတယ်။ သူက ပယ်လင်ဟာဆီကို တည့်တည့်လျှောက်လာတာပါ။ တခြားဘက်က လျှောက်သွားလို့ရရဲ့သားနဲ့ ဒီလိုလုပ်တာက ပြိုင်ဆိုင်မှု ပြင်းထန်တဲ့သူတိုင်းအတွက် ဒေါသထွက်စရာ ဖြစ်စေနိုင်ပါတယ်" လို့ဖြေကြားခဲ့ပါတယ်။