The network connection is lost.

Banner Image

အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ အာတီတာသူ့ကို ဘယ်လိုစည်းရုံးခဲ့သလဲ ဖွင့်ဟလာတဲ့ မာဒူကီ

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးမှ အာဆင်နယ်သို့ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား နိုနီမာဒူကီက သူ့ကို အာဆင်နယ်သို့ခေါ်ယူဖို့ နည်းပြအာတီတာအနေနဲ့ ဘယ်လိုစည်းရုံးခဲ့သလဲ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ 

မာဒူကီကို စတင်ခေါ်ယူချိန်က အာဆင်နယ်ပရိသတ်တွေဟာ နည်းပြ အာတီတာရဲ့ဆုံးဖြတ်ချက်အပေါ် မေးခွန်းထုတ်ဝေဖန်ခဲ့ကြပေမယ့် ယခုအခါမှာ ကစားသမားက ခြေစွမ်းပြသပြီး တိုက်စစ်ကို အကောင်းဆုံးပုံစံနဲ့ကူညီနေတာကြောင့် ဝေဖန်မှုတွေ ရပ်တန့်သွားခဲ့ပြီဖြစ်ပါတယ်။ 

အာဆင်နယ်သို့စတင်ရောက်ရှိချိန်က ဝေဖန်မှုတွေနဲ့ကြုံတွေ့ခဲ့ရတဲ့ မာဒူကီကလည်း အမ်းမရိတ်စ်မှာ လျင်လျင်မြန်မြန်ပဲနေသားကျလာခဲ့ပြီး ထိပ်တန်းခြေစွမ်းကို ပြန်လည်ပြသနိုင်ခဲ့တာကြောင့် ယခုအခါမှာ ပုံမှန်ပွဲထွက်ခွင့်ရနေပြီလည်းဖြစ်ပါတယ်။ 

ချဲလ်ဆီးမှာ နေရာပျောက်ခဲ့တဲ့ မာဒူကီဟာ အာတီတာလက်အောက် အာဆင်နယ်မှာတော့ ယုံကြည်စိတ်ချရတဲ့ တိုက်စစ်ကစားသမားတစ်ယောက်အဖြစ်ရပ်တည်နေပြီး ပရိသတ်ချစ်ခင်အားပေးမှုတွေလည်း ရရှိနေပြီဖြစ်ပါတယ်။ 
ယခုအခါမှာတော့ မာဒူကီက သူ့အနေနဲ့ အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ခြင်းမှာ အာတီတာနဲ့စကားပြောဖြစ်ခဲ့တာကြောင့်ဖြစ်တယ်လို့ဆိုပါတယ်။ အင်္ဂလန်သားက "ကျွန်တော် အာတီတာနဲ့ဖုန်းပြောတဲ့ ပထမဆုံးအချိန်မှာပဲ ဆွေးနွေးမှုတွေက ခရီးရောက်ခဲ့ပါတယ်"

"အဲဒီတုန်းက ကျွန်တော်ရယ်၊ ကျွန်တော့်အဖေရယ်၊ သူရယ် ၃ ယောက်ဆွေးနွေးခဲ့ကြတာပါ။ သူက အာဆင်နယ်အတွက်သူလုပ်ထားတဲ့ အစီအစဉ်တွေနဲ့ ကျွန်တော့်အတွက်သီးသန့်လုပ်ထားတဲ့အစီအစဉ်တွေကို အသေးစိတ်ပြောပြခဲ့ပါတယ်" "သူပြောတာတွေက ကျွန်တော့်အတွက်စိတ်ဝင်စားစရာကောင်းခဲ့ပြီး ဒါတွေကြောင့်ပဲ အာဆင်နယ်က အသင်းကောင်းဖြစ်နေတယ်ဆိုတာ နားလည်လိုက်ပါတယ်။ အဲဒါနဲ့ကျွန်တော်လည်း အာဆင်နယ်ကိုရွေးချယ်ဖို့ပဲ ဆုံးဖြတ်လိုက်တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

မာဒူကီရဲ့ပြောကြားချက်အရ အာတီတာရဲ့ အစီအစဉ်တွေနဲ့ ကြီးမားတဲ့ရည်မှန်းချက်တွေက သူ့အပေါ်ဘယ်လောက်အထိ သက်ရောက်မှုရှိစေသလဲဆိုတာ ထင်ရှားစေခဲ့ပါတယ်။ တစ်ချိန်တည်းမှာပဲ အာဆင်နယ်ပရိသတ်တွေအနေနဲ့လည်း အာတီတာတစ်ယောက် ဘာကြောင့်မာဒူကီကိုခေါ်ယူခဲ့သလဲဆိုတာ တဖြည်းဖြည်းနားလည်သဘောပေါက်လာကြပြီဖြစ်ပါတယ်။