The network connection is lost.

Banner Image

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူဖို့ ပီအက်စ်ဂျီအသင်း ဆာလောင်နေပြီလို့ သတိပေးလိုက်တဲ့ ဒွန်နာရမ်မာ

ဘရာဇီးကလပ်ဘိုတာဖိုဂိုနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေတဲ့ ပူပူနွေးနွေးဥရောပချန်ပီယံတွေဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အောင်မြင်မှုရယူဖို့အတွက် ဆာလောင်ပြင်းပြနေပြီလို့ ပီအက်စ်ဂျီဂိုးသမားဒွန်နာရမ်မာက ဗုဒ္ဓဟူးနေ့မှာ သတိပေးလာခဲ့ပါတယ်။ ပြင်သစ်ဘီလူးကြီးက အုပ်စု(B)အဖွင့်ပွဲစဉ်အဖြစ် Rose Bowl မှာ အက်သလက်တီကိုမက်ဒရစ်ကို ၄-၀ ဂိုးဖြင့် အနိုင်ယူပြီး အထင်ကြီးလောက်စရာစွမ်းဆောင်ရည်မျိုး ပြသခဲ့ပါတယ်။

လွန်ခဲ့တဲ့သီတင်းပတ်နှစ်ပတ်ခန့်၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်တာမီလန်ကို ၅-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပီအက်စ်ဂျီအတွက် အခုနိုင်ပွဲက အမေရိကန်မြေပြိုင်ပွဲကြီးဆီ ချောချောမွေ့မွေ့ဖြတ်သန်းနိုင်ဖို့ ခွန်အားတစ်ရပ် ဖြစ်လာခဲ့ပါတယ်။ အီတာလျံသားဒွန်မာရမ်မာကတော့ ကလပ်အသင်းအနေဖြင့် အခုဘောလုံးရာသီ၊ ပဉ္စမမြောက်ချန်ပီယံဆုတံဆိပ်ကို ဆွတ်ခူးနိုင်ဖို့ အပြည့်အဝအာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

Rose Bowl မှာပဲ ဘိုတာဖိုဂိုနဲ့ရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဒွန်နာရမ်မာက “ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဆိုတာ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဖိုင်နယ်အထိတက်ရောက်ပြီး ဆုဖလားကိုင်မြှောက်နိုင်ဖို့အတွက် ကျွန်တော်တို့တွေ ရာနှုန်းပြည့်အာရုံစိုက်သွားရပါမယ်။ လူတိုင်းလည်း အောင်ပွဲတွေနဲ့အတူ ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ ဆာလောင်ပြင်းပြနေပါတယ်။ အခုအချိန်အတွက်ရော၊ လာမယ့်ဘောလုံးရာသီအတွက်ပါ ဒီလိုစိတ်ဓါတ်မျိုးက အရေးကြီးပါတယ်”လို့ ပြောပါတယ်။

စပိန်ကွင်းလယ်ကစားသမား ဖေဘီယန်ရုဇ်ကလည်း ပြိုင်ပွဲတိုင်းမှာ ဗိုလ်စွဲဖို့ရေပန်းအစားဆုံးအသင်း ဖြစ်နေရခြင်းကို ပီအက်စ်ဂျီအသင်း နေသားကျနေပြီလို့ ပြောပါတယ်။ သူက “ ကျွန်တော်တို့အကြောင်းကို လူတိုင်းပြောနေကြတယ်ဆိုရင် အပေါင်းလက္ခဏာဆောင်တာပဲလေ၊ ဟုတ်တယ်မလား? ကျွန်တော်တို့ရဲ့ပွဲစဉ်အတွက်ပဲ အလုပ်,လုပ်နေပါတယ်။ ဒါပေမဲ့ ဖိအားတွေရှိတယ်လို့တော့ မခံစားရပါဘူး။ နောက်လာမယ့်ပွဲစဉ်အတွက်ပဲ အာရုံစိုက်ပါတယ်”လို့ ဆိုပါတယ်။

ပီအက်စ်ဂျီရင်ဆိုင်ရမယ့် ဘိုတာဖိုဂိုက ၂၀၂၄ ခုနှစ်၊ ကိုပါလစ်ဘာတေးဒိုးစ်ဆုဖလားကို အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ် ရရှိကာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။ ဘရာဇီးပြည်တွင်းကလပ်က ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ အုပ်စုအဖွင့်ပွဲစဉ်မှာ ဆီယက်တဲလ်ဆောင်းဒါးစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ယူခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးဂွန်ကာလိုရာမို့စ်ကတော့ ဘိုတာဖိုဂိုမှာ လူသိမများတဲ့စွမ်းရည်တစ်ရပ်ရှိတယ်လို့ ရှင်းပြပါတယ်။

ဂွန်ကာလိုရာမို့စ်က “ သူတို့အကြောင်း ကျွန်တော် အနည်းငယ်သိပါတယ်။ သူတို့အသင်းနည်းပြကိုလည်း သိပါတယ်။ ဒါပေမယ့် သူတို့တွေကစားတဲ့ပွဲစဉ်တွေရဲ့ပွဲချိန်က အရမ်းနောက်ကျလွန်းလို့ ပွဲစဉ်အများစုကို မကြည့်ဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ သူတို့က အသင်းကောင်းတစ်ခု ဖြစ်ပါတယ်။ ဘရာဇီးကလပ်အသင်းတစ်ခုနဲ့ ရင်ဆိုင်ကစားရမှာဖြစ်လို့ ကျွန်တော်တို့အတွက် ထူးခြားပါတယ်”လို့ ပြောပါတယ်။

ပီအက်စ်ဂျီက ကြာသပတေးနေ့၊ Rose Bowl ကွင်းပွဲစဉ်အပြီး လာမယ့်တနင်္လာနေ့မှာ ဆောင်းဒါးစ်နဲ့ အုပ်စုအပိတ်ပွဲစဉ်ယှဉ်ပြိုင်ကစားဖို့ ဆီယက်တဲလ်မြို့ဆီ ခရီးဆက်ပါလိမ့်မယ်။