ဘက်တစ်မှာပဲ ကစားသမားဘဝကို အဆုံးသတ်လိုတဲ့ ပီအက်စ်ဂျီကြယ်ပွင့် ဖေဘီယန်ရုဇ်
ပီအက်စ်ဂျီကွင်းလယ်လူဖေဘီယန်ရုဇ်က သူ့ရဲ့ငယ်ဘ၀ကလပ်အသင်းဖြစ်တဲ့ ဘက်တစ်မှာပဲ ကစားသမားဘ၀ကို အဆုံးသတ်လိုတယ်လို့ ထပ်လောင်းအတည်ပြုပြောကြားခဲ့ပါတယ်။
ခရိုအေးရှားနဲ့ကစားရမယ့် စပိန်ရဲ့နေရှင်းလိဂ်ပွဲစဉ်မတိုင်မီ အသက် ၃၀ နှစ်အရွယ် ကစားသမားက သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝစတင်ရာ အန်ဒါလူစီယာ အခြေစိုက်ကလပ်အသင်းအပေါ် ထားရှိတဲ့ သူ့ရဲ့ မပြောင်းလဲသော သံယောဇဉ်ကို ဖွင့်ဟ ဖော်ပြခဲ့ပါတယ်။
ပြင်သစ်မြို့တော်မှာ သူ့ရဲ့ကစားသမားဘဝကို ဆက်လက်ဖြတ်သန်းနေပေမဲ့လည်း ဘက်တစ်ရဲ့ပွဲစဉ်တွေကို အခုထက်ထိ အနီးကပ်စောင့်ကြည့် အားပေးနေဆဲဖြစ်သလို တစ်နေ့နေ့မှာ ဆီဗီလာမြို့ဆီ ပြန်လာနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဖေဘီယန်ရုဇ်က ဖွင့်ဟခဲ့ပါတယ်။
"ဒါကို ကျွန်တော် အမြဲပြောခဲ့ဖူးပါတယ်၊ သူတို့ရဲ့ပွဲစဉ်တိုင်းကို ကြည့်ရှုနိုင်အောင် ကြိုးစားသလို သူတို့ ရလဒ်ကောင်းတွေ ရရှိချိန်မှာလည်း ကျွန်တော် ပျော်ရွှင်ရပါတယ်။ ကျွန်တော်က ဘက်တစ်အမာခံပရိသတ်တစ်ဦး ဖြစ်တယ်ဆိုတာကို လူတိုင်း သိကြပါတယ်" လို့ ဖေဘီယန်ရုဇ်က ပြောပါတယ်။
"ဘက်တစ်မှာပဲ ကျွန်တော့်ရဲ့ကစားသမားဘဝကို အဆုံးသတ်ချင်ပါတယ်။ အခုတော့ အချိန်အခါမကျသေးပေမဲ့ အနာဂတ်မှာ သေချာပေါက် ဖြစ်လာပါလိမ့်မယ်" လို့ ဆိုပါတယ်။