
နာပိုလီက သူ့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာတဲ့ ဒီဘရိုင်း
ယခုနွေရာသီမှာ မန်ချက်စတာစီးတီးနဲ့ လမ်းခွဲပြီး အီတလီစီးရီးအေကလပ် နာပိုလီသို့ ပြောင်းရွှေ့သွားခဲ့တဲ့ စွယ်စုံရကွင်းလယ်လူ ကယ်ဗင်ဒီဘရိုင်းက သူ့ကို ကမ်းလှမ်းလာခဲ့တဲ့အသင်းတွေထဲမှာ နာပိုလီသို့ပြောင်းရွှေ့ခဲ့ခြင်းက သူ့အတွက် အကောင်းဆုံးရွေးချယ်မှုဖြစ်တယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
ဘယ်လ်ဂျီယံသားဟာ ပြီးခဲ့တဲ့အပတ်က ဆက်ဆူအိုလိုကို အနိုင်ရခဲ့တဲ့ စီးရီးအေအဖွင့်ပွဲမှာ နာပိုလီအတွက် စတင်ပွဲထွက်ကစားခဲ့ပြီး သွင်းဂိုးတစ်ဂိုးရယူပေးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ နာပိုလီသို့ပြောင်းရွှေ့ဖို့ ဘာကြောင့်ဆုံးဖြတ်ခဲ့တာလဲဆိုတဲ့မေးခွန်းကို ဒီဘရိုင်းက "နာပိုလီက ကျွန်တော့်ကို အကောင်းဆုံးကမ်းလှမ်းခဲ့တဲ့ အသင်းဖြစ်လို့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအသင်းက ကျွန်တော့်အတွက် အကောင်းဆုံးရွေးချယ်မှုပါ။ နွေရာသီအတွင်း ကျွန်တော့်ကိုကမ်းလှမ်းခဲ့တဲ့အသင်းတွေ အများကြီးရှိခဲ့ပါတယ်။ ကျွန်တော် နာပိုလီကိုရွေးချယ်ခဲ့တာ အမှန်ကန်ဆုံးပါပဲ။ သူတို့က ချန်ပီယံလိဂ်ပြိုင်ပွဲကစားသွားရမှာဖြစ်သလို၊ နည်းပြ အန်တိုနီယိုကွန်တီကလည်း အရမ်းတော်တဲ့လူတစ်ယောက်မို့လို့ပါ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဘယ်လ်ဂျီယံသားက "ကျွန်တော်ငယ်ငယ်တုန်းကတော့ ဆုံးဖြတ်ချက်တွေကို ကိုယ့်ဘာသာကိုယ်တိုင်ချမှတ်နိုင်ပေမယ့် အခုတော့ ကျွန်တော့်ရဲ့ကလေးတွေကိုလည်း မေးရပါသေးတယ်။ ကျွန်တော့်ရဲ့အကြီးဆုံးသားက ၁၀ နှစ်ရှိပါပြီ။ ဒီကိုပြောင်းဖို့ သူက ဆုံးဖြတ်ချက်ချပေးခဲ့ပါတယ်။ မန်ချက်စတာစီးတီးက ကျွန်တော့်ကို စာချုပ်သစ်မချုပ်တော့ကြောင်း အသိပေးခဲ့တဲ့အချိန်ကတည်းက ကျွန်တော် အသင်းသစ်ကိုရှာဖွေနေခဲ့တာပါ။
အင်္ဂလန်မှာနေတာ အရမ်းကြာခဲ့ပြီဆိုတော့ ဆက်မနေချင်တော့ပါဘူး။ ရွေးချယ်စရာတွေထဲမှာမှ နာပိုလီက ကျွန်တော့်အတွက်ရော၊ မိသားစုအတွက်ပါ အကောင်းဆုံးရွေးချယ်မှုဖြစ်မယ်လို့ ထင်ခဲ့ပါတယ်။ ပြီးတော့ စီရီးအေမှာ ကျွန်တော် အမြင့်ဆုံးဘောလုံးအဆင့်မှာ ကစားနိုင်တယ်လေ" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး သူ့ကိုအသက်ကြီးနေပြီလို့ဝေဖန်ကြတဲ့သူတွေကို အသက်-၃၄ နှစ်အရွယ်ကစားသမားက "ကျွန်တော့်အနေနဲ့ လွန်ခဲ့တဲ့ ၁၀ နှစ်ကထက်စာရင်တော့ ကောင်းတာတွေရှိလာသလို၊ မကောင်းတာတွေလည်း ရှိလာပါတယ်။ ငယ်ငယ်တုန်းက အမှားတွေလုပ်ခဲ့မိပေမယ့် အခုချိန်မှာ အတွေ့အကြုံတွေ အတော်ရနေပါပြီ။ ကျွန်တော်က ကစားသမားတစ်ယောက်အနေနဲ့ အရည်အသွေးတွေအပြည့်ရှိတယ်ဆိုတာလူတိုင်းသိပေမယ့် အခြားလူတွေလိုပဲ အားနည်းချက်တွေလည်းရှိနေမှာပါပဲ။ ဒါကြောင့် လုပ်နိုင်သလောက် အကောင်းဆုံးလုပ်ဖို့ပဲ အာရုံစိုက်ထားပါတယ်"
"ကျွန်တော့်ရဲ့စိတ်အားထက်သန်မှုက ဘောလုံးမှာပဲရှိပါတယ်။ ကျွန်တော် အခြားအလုပ်မလုပ်ချင်ပါဘူး။ တကယ်လို့ ဘောလုံးမှာ ပျော်နေပြီး မျက်နှာပေါ်မှာ အပြုံးတစ်ပွင့်ကိုတင်ထားနိုင်ရင် အဆုံးထိ ဘောလုံးကစားဖို့ပဲ ကျွန်တော်ကြိုးစားသွားမှာပါ" လို့ပြောကြားခဲ့ပါတယ်။