
အီတလီစတားတစ်ဦးရဲ့စွမ်းဆောင်ရည်ကို နည်းပြ ဂတ်တူဆို ချီးကျူး
အစ္စရေးအသင်းကို ၃ ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တဲ့ ဒွန်နာရမ်မာကို အီတလီနည်းပြ ဂတ်တူဆိုက ချီးကျူးလိုက်ပါတယ်။ အဆိုပါနိုင်ပွဲကြောင့် အီတလီဟာ ၅ ပွဲဆက်နိုင်ပွဲရရှိခဲ့သလို ဂတ်တူဆိုကလည်း အသင်းရဲ့စွမ်းဆောင်ရည်အပြင် ဒွန်နာရမ်မာရဲ့စွမ်းဆောင်ရည်ကိုပါ ချီးကျူးခဲ့ပါတယ်။အစ္စရေးအသင်းကို အီတလီက ရီတီဂူ ၊ မန်ချီနီတို့ရဲ့ဂိုးတွေနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ၅ ပွဲဆက်အနိုင်အပြင် သချာၤနည်းအရ ကမ္ဘာ့ဖလားခြေစစ်ပွဲဝင်ခွင့်နေရာတွက် အဆင်ပြေစေခဲ့ပါတယ်။
ပွဲအပြီးမှာ ဂတ်တူဆိုက “ကျွန်တော်တို့ အကောင်းဆုံးကစားနိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁ လကပွဲကို အားလုံးမှတ်မိနေပါတယ်။ သူတို့ ကျွန်တော်တို့ရှေ့မှာကနေတာပါ။ ဒီနေ့ပွဲက ကောင်လေးတွေရဲ့စွမ်းဆောင်ရည်ကို ဂုဏ်ပြုချင်ပါတယ်။ အထူးသဖြင့် ဒွန်နာပါ။ သူက ကာကွယ်မှုကောင်းအချို့လုပ်နိုင်ခဲ့ပါတယ်။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော် ကျေနပ်မိပါတယ်။ ကြီးမားတဲ့စိတ်ခွန်အားကို မြင်လိုက်ရသလို ပေးဂိုးမပေးလိုက်ရလို့ ကျွန်တော်ပျော်ပါတယ်။ ကျွန်တော်တို့ ပွဲကောင်းတွေကစားနိုင်ဖို့ လိုအပ်ပါတယ်”လို့ ဂတ်တူဆိုက ဖြေကြားခဲ့ပါတယ်။
ကမ္ဘာ့ဖလားတိုက်ရိုက်ဝင်ခွင့်လွဲချော်နိုင်တာနဲ့ပတ်သက်ပြီးလည်း ဂတ်တူဆိုက “ဒါပေမယ့် ကျွန်တော်တို့ ဘယ်လိုခံစားရလဲဆိုသိရပါတယ်။ ကမ္ဘာပေါ်ကအသင်းအနည်းငယ်ပဲ အဲ့တာကိုကိုင်တွယ်နိုင်ပါတယ်။ ခင်ဗျားဆီမှာဘောလုံးရှိနေချိန် အရည်အချင်းက အဲ့မှာရှိနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်နဲ့အတူ သေချာလေးလုပ်ဆောင်ဖို့လိုအပ်ပါတယ်။ ခြေစစ်ပွဲကန်ဖို့လား?။ ကျွန်တော်တို့ အနားမယူပါဘူး။ ဘုရားသခင်ရဲ့ကောင်းချီးပေးမှုနဲ့အတူ မျှော်လင့်ရပါမယ်။
ကျွန်တော်တို့ ဘယ်ကစားသမားကိုမှမဆုံးရှုံးခဲ့ပါဘူး။ အကောင်းဆုံး ၂ ပွဲကိုကစားနိုင်ခဲ့ပြီး အဲ့တာက ကွင်းတွင်းကော ကွင်းပြင်မှာပါ သက်ရောက်မှုပေးနိုင်ပါတယ်”လို့ ဂတ်တူဆိုက ထပ်လောင်းပြောကြားခဲ့ပါတယ်။ ၂၀၁၄ အပြီးကတည်းက အီတလီဟာ ကမ္ဘာ့ဖလားဖိုင်နယ်ကိုနောက်ဆုံးကစားခဲ့တာဖြစ်ပြီး ၂၀၁၈ နဲ့ ၂၀၂၂ ပြိုင်ပွဲတွေမှာ ခြေစစ်ပွဲတောင်မအောင်မြင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း လွန်ခဲ့တဲ့ ၁ နှစ်ကျော်ကတော့ ယူရိုချန်ပီယံဆုကိုရယူနိုင်ခဲ့ပါတယ်။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားကို ၄၉ သင်းကျော်လောက်ပါဝင်မှာဖြစ်ပြီး ယူအီးအက်အေအောက်မှာ အုပ်စု ၁၂ စုနဲ့အတူ အနိုင်ရသူတွေက လာမယ့်နှစ်ကို တိုက်ရိုက်ဝင်ခွင့်ရရှိမှာဖြစ်ပြီး နောက်ထပ်ဒုတိယရတဲ့ ၁၂ သင်းအပြင် နေးရှင်းလိဂ်အကောင်းဆုံး ၄ သင်း ပေါင်း ၁၆ သင်းကလည်း ပါဝင်လာမှာဖြစ်ပါတယ်။
အီတလီဟာ ၆ ပွဲကနေ ၁၅ မှတ်ရယူထားနိုင်ခဲ့ပြီး နော်ဝေထက် ၃ ပွဲပိုနည်းနေပါတယ်။ ခြေစစ်ပွဲကန်ခွင့်ရဖို့ လက်ကျန် ၂ ပွဲကနေအနည်းဆုံး ၁ မှတ်ရယူနိုင်ဖို့ လိုအပ်နေပါတယ်။ တကယ်လို့ သူတို့အနေနဲ့ အုပ်စုပထမရချင်တယ်ဆိုရင် လက်ကျန် ၂ ပွဲဖြစ်တဲ့ နော်ဝေ ၊ မော်လ်ဒိုဗာတို့ပွဲတွေကို အနိုင်ကန်နိုင်ဖို့ လိုအပ်နေပါတယ်။