လာဇီယိုကြယ်ပွင့်ကို ရီးရဲလ်မက်ဒရစ်အဆင့်အတန်းမှာ ရှိနေတဲ့သူလို့ ချီးကျူးလိုက်တဲ့ ဂတ်တူဆို
လာဇီယိုအသင်းနည်းပြဂတ်တူဆိုက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအစ၊ ရောမမြေမှာ ခြေစွမ်းပြနေတဲ့ နူနိုတာဗာရက်စ်ရဲ့စွမ်းဆောင်ရည်ပိုင်းကို ချီးကျူးလိုက်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားက ၂၀၂၄-၂၀၂၅ ဘောလုံရာသီကို စီးရီးအေထိပ်သီးကလပ်မှာ အငှားဖြင့် ကုန်ဆုံးခဲ့ပါတယ်။ သူ့ရဲ့ခြေစွမ်းပြသနိုင်မှုကြောင့် လာဇီယိုက ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်မှ အပြီးသတ်ခေါ်ယူနိုင်မယ့် စာချုပ်ပါသဘောတူညီချက်ကို အသက်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိုလံပီကိုကွင်းမှာ ဆာရီရဲ့နေရာကို ဂတ်တူဆို အစားထိုးဝင်ရောက်လာချိန်မှာလည်း တာဗာရက်စ်က အသင်းရဲ့အဓိကကွင်းလယ်ကစားသမားအဖြစ် ဆက်ရှိနေပြီး အနာဂတ်အတွက် ကြီးမားတဲ့မျှော်လင့်ချက်တွေကို မြင်တွေ့လာရပါတယ်။
ဂတ်တူဆိုက "နူနိုတာဗာရက်စ်မှာ ရီးရဲလ်မက်ဒရစ်အတွက် ကစားပေးနိုင်တဲ့ အဆင့်အတန်းမျိုး ရှိပါတယ်။
သူက ရီးရဲလ်မက်ဒရစ်မှာ ရှိနေသင့်ပါတယ်။ သူ့ဆီမှာ အရာရာပြည့်စုံနေပါတယ်။ အမြန်နှုန်း၊ ညာခြေဘယ်ခြေ နှစ်ဖက်လုံးကောင်းမွန်ပါတယ်။ ထူးခြားပေမဲ့ ပွဲစဉ်တွေအပြီး ကြံ့ခိုင်မှုပြန်လည်ကောင်းမွန်ဖို့ အချိန်အနည်းငယ် ယူရပြန်ပါတယ်။ ဒါပေမဲ့ သူက တကယ့်ကိုကောင်းမွန်တဲ့ ကောင်လေးတစ်ဦးပါ။
သူ့ရဲ့စိတ်ထဲဝင်ရောက်ပြီး သဘောပေါက်နားလည်အောင် လုပ်ပေးဖို့ပဲ လိုပါတယ်။ သူလည်း သူ့ဆီမှာ ပါရမီရှိတယ်ဆိုတာ သိထားပြီး သူ့ရဲ့အရည်အသွေးတွေနဲ့ဆိုရင် ရီးရဲလ်မက်ဒရစ်မှာ ၁၀ နှစ် ဒါမှမဟုတ် ၁၂ နှစ်လောက်အထိ ကစားနိုင်စွမ်း ရှိပါတယ်" လို့ ဆိုပါတယ်။