ရုန်းကန်နေရတဲ့မန်စီးတီးကစားသမားတွေကို အကြံပေးစကားပြောကြားလာတဲ့ ရော်နယ်ဒို
အယ်လ်နာဆာစူပါစတားတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုက ပုံစံကောင်းရဖို့ရုန်းကန်နေရပြီး ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့နေရတဲ့ မန်ချက်စတာစီးတီးကစားသမားတေကို အကြံပေးစကားပြောကြားလာခဲ့ပြီး ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ပုံစံကောင်းကို ပြန်လည်ထိန်းသိမ်းနိုင်မယ်လို့ ယုံကြည်တယ်လို့ဆိုပါတယ်။
အရှေ့အလယ်ပိုင်းအကောင်းဆုံးကစားသမားဆုနဲ့ သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ရော်နယ်ဒိုက ဂွါဒီယိုလာရဲ့အသင်းကို လက်ရှိအခြေအနေကနေ ရုန်းထွက်နိုင်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
ပေါ်တူဂီလက်ရွေးစင်က “အသင်းတွေမှာ အနိမ့်အမြင့် အတက်အကျဆိုတာရှိပါတယ်။ အခုချိန်မှာ မန်စီးတီး နိမ့်ကျတဲ့အပိုင်းကို ဖြတ်သန်းနေရတာဖြစ်ပြီး မကြာခင်မှာပဲ အမြင့်ကိုပြန်လည်ရောက်ရှိလာမှာပါ။ မန်စီးတီးကစားသမားတွေကို ကျွန်တော်ပြောချင်တာကတော့ အခုချိန်မှာ စကားများများမပြောဘဲ အလုပ်ကိုပဲ ပိုကြိုးစားကြဖို့ပါ။ ကစားသမားကောင်းတွေက ပြဿနာတွေဘယ်မှာဖြစ်နေလဲ သိကြပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ရော်နယ်ဒိုဟာ သူ့ရဲ့အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ကိုလည်း တည်ငြိမ်တဲ့ခြေစွမ်းအတွက် ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။ အသက်-၃၉ နှစ်အရွယ်ကစားသမားက “ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင်၊ နောက်ဆုံးမှာတော့ သူတို့က အမြဲတမ်း နေရာမှန်ကိုရောက်လာတာပါပဲ။ သူတို့ကိုအရှုံးပေးအောင်လုပ်လို့မရပါဘူး။ ရီးရဲလ်မက်ဒရစ်ချန်ပီယံလိဂ်ဖလားကို ထပ်ရဦးမယ်လို့ ကျွန်တော်လောင်းရဲပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြားအသင်းတွေက ဘာနေဗျူးမှာကစားရမှာကို ကြောက်နေကြတုန်းမို့ပါ။ ရီးရဲလ်မက်ဒရစ် အမြဲတမ်းပြန်လာနိုင်တယ်ဆိုတာကိုလည်း ကျွန်တော်လောင်းရဲပါတယ်။ ရာသီအစမှာ သူတို့အခက်အခဲတွေရှိခဲ့ပေမယ့် အခုတော့ တိုးတက်လာပါပြီ” လို့ပြောကြားခဲ့ပါတယ်။
တနင်္ဂနွေနေ့မှာတော့ မန်စီးတီးဟာ လက်စတာကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ရော်နယ်ဒိုပြောသလို ရလဒ်ကောင်းတွေ ပြန်လည်ဖန်တီးနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။