မန်ချက်စတာဒါဘီမှာ ယူနိုက်တက်အသင်းအနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ နည်းပြ ဂွါဒီယိုလာ ဝန်ခံ
မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာက မနေ့ညက မန်ချက်စတာဒါဘီပွဲစဉ်မှာ ယူနိုက်တက်က အနိုင်ရဖို့ ထိုက်တန်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။
မိုက်ကယ်ကာရစ်ရဲ့ တကျော့ပြန်ယူနိုက်တက်နည်းပြဘဝ ပထမဆုံးပွဲဦးထွက်မှာတင် ဘရိုင်ယန်အမ်ဘွေမိုနဲ့ ပက်ထရစ်ဒေါ်ဂူတို့ရဲ့ သွင်းဂိုးတွေကြောင့် ယူနိုက်တက်က စီးတီးကို ၂-ဂိုးနဲ့ အနိုင်ယူသွားခဲ့တာပါ။
ပွဲအပြီးမှာ ဂွါဒီယိုလာက "ပိုကောင်းတဲ့အသင်းက အနိုင်ရသွားတာပါ။ သူတို့က ပိုတော်ခဲ့ပါတယ်။ အသင်းတစ်သင်းက ပိုတော်နေတဲ့အခါ အဲဒါကို လက်ခံရမှာပါပဲ။ သူတို့ဆီမှာ ကျွန်တော်တို့ဆီမှာမရှိတဲ့ စွမ်းအင်တွေရှိနေခဲ့လို့ သူတို့ကို ဂုဏ်ပြုပါတယ်။
သူတို့က ပွဲအပြီးအထိ အခွင့်အရေးတွေ ရခဲ့သလို ကျွန်တော်တို့ ပေးလိုက်ရတဲ့ ဂိုးတွေကလည်း တော်တော်လေး ညံ့ဖျင်းခဲ့ပါတယ်။ ကျွန်တော်တို့ ပွဲကို မထိန်းချုပ်နိုင်ခဲ့ပေမဲ့ ယေဘုယျအားဖြင့်တော့ ဒီလုပ်ဆောင်ချက် ဒါမှမဟုတ် ဟိုလုပ်ဆောင်ချက်အကြောင်း ပြောလို့ရပါတယ်။ ကျွန်တော်တို့မှာ ပွဲတစ်ခုလုံးကို ခြုံငုံသုံးသပ်ရမယ့် တာဝန်ရှိပြီး သူတို့က ပိုတော်ခဲ့တာ အမှန်ပါပဲ။ သူတို့က ပွဲစကတည်းက တော်တော်လေး အားကောင်းခဲ့ပြီး ကျွန်တော်တို့ ဘောလုံးတစ်လုံး၊ နှစ်လုံးလောက် ဆုံးရှုံးခဲ့ပါတယ်။ ပရိသတ်တွေ အားပေးတာကတော့ ဒါဘီပွဲဖြစ်လို့ ပုံမှန်ပါပဲ။ နှစ်ပေါင်းများစွာ သူတို့နောက်မှာ ရှိနေခဲ့ကြသလို နည်းပြသစ်နဲ့ဆိုတော့ ပွဲအတွင်းမှာ ဒီလိုမျိုးတွေ ဖြစ်တတ်တာ ပုံမှန်ပါပဲ။ ကျွန်တော်တို့ဘက်က ခြိမ်းခြောက်နိုင်တာမျိုး၊ ဖြတ်တင်ဘောပေးတာမျိုး ဒါမှမဟုတ် အနိုင်ရဖို့ ကြိုးစားတဲ့ လှုပ်ရှားမှုမျိုး တစ်ခါမှ မလုပ်နိုင်ခဲ့ပါဘူး။ ဒါက စွမ်းအင်ပိုင်းနဲ့လည်း ဆိုင်သလို နိုင်တာ ရှုံးတာက ဘောလုံးမရှိတဲ့အချိန်တင်မကဘဲ ဘောလုံးရှိနေတဲ့အချိန်မှာ ကျွန်တော်တို့ ဘာလုပ်သလဲဆိုတာနဲ့လည်း ဆိုင်ပါတယ်။ ဒါက ကစားသမားတစ်ယောက်တည်းကြောင့် မဟုတ်ပါဘူး။ ဒါက အသင်းလိုက် ဘယ်လိုတိုးတက်လာမလဲဆိုတဲ့အပေါ်မှာပဲ မူတည်ပါတယ်။ အခုအချိန်အထိတော့ ကျွန်တော်တို့ တော်တော်လေး ကောင်းကောင်းလုပ်နိုင်ခဲ့တယ်လို့ ခံစားရပါတယ်။ ပိုကောင်းလာဖို့အတွက် ခြေလှမ်းတစ်လှမ်း နောက်ဆုတ်လိုက်ရတာမျိုးလည်း ရှိနိုင်တာပေါ့။ ရာသီက အဝေးကြီးကျန်သေးလို့ ဆက်ပြီးတော့ပဲ သုံးသပ်သွားရမှာပါ" လို့ ပြောခဲ့ပါတယ်။
ဒိုကူကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်ခဲ့တဲ့ ဒါလော့ကို အနီကတ်ပြပြီး ထုတ်သင့်သလားလို့ မေးတဲ့အခါမှာတော့ ဂွါဒီယိုလာက "အဲဒီလိုလည်း ပြောလို့ရပါတယ်၊ အနီကတ်ပြခဲ့ရင် ပွဲက တစ်မျိုးဖြစ်သွားနိုင်တာပေါ့။ အခြေအနေတွေ အများကြီးဖြစ်ပျက်ခဲ့ပါတယ်။ ဒီကိုလာပြီး အနီကတ်ပြသင့်တယ်လို့ ပြောဖို့က ကျွန်တော့်အတွက် လွယ်ပါတယ်။ ဒါပေမဲ့ အဲဒါက အဓိကမဟုတ်ပါဘူး၊ ပွဲတစ်ပွဲရဲ့ အနိုင်အရှုံးအတွက် အဲဒါကိုပဲ အကြောင်းပြချက်ပေးနေမယ်ဆိုရင် ကျွန်တော်တို့ တိုးတက်လာမှာ မဟုတ်ပါဘူး။ ပိုကောင်းအောင် လုပ်နိုင်ဖို့ လိုအပ်ပေမဲ့ ဒီနေ့မှာတော့ ကျွန်တော်တို့ မလုပ်နိုင်ခဲ့ပါဘူး" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။