The network connection is lost.

Banner Image

ရော်နယ်ဒိုနဲ့မက်ဆီတို့ ဘာကြောင့် GOAT လို့သတ်မှတ်ခံရသလဲဆိုတာ ရှင်းပြလာတဲ့ စကာလိုနီ

အာဂျင်တီးနားလက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက ခရစ္စတီယာနိုရော်နယ်ဒိုနဲ့ လီယွန်နယ်မက်ဆီတို့ဟာ ဘာကြောင့် ဘောလုံးသမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမား ၂ ယောက်အဖြစ် သတ်မှတ်ခံထားရသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။ 

အာဂျင်တီးနားအသင်းခေါင်းဆောင်နဲ့ ပေါ်တူဂီအသင်းခေါင်းဆောင်တို့ဟာ မော်ဒန်ဘောလုံးလောကရဲ့ ဆယ်စုနှစ် ၂ ခုအတွင်း အတောက်ပဆုံးကြယ်ပွင့်တွေဖြစ်ခဲ့ကြပြီး အခုချိန်အထိ ပြိုင်ဆိုင်မှုတွေက ရပ်တန့်သွားခြင်းမရှိသေးပါဘူး။ လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ ရော်နယ်ဒိုနဲ့ မက်ဆီတို့ရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲဖြစ်သွားနိုင်ပြီး သူတို့နှစ်ယောက်ကို ပြိုင်ဘက်တွေအဖြစ် မြင်တွေ့သွားရနိုင်မလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။

ယခုအခါမှာ စကာလိုနီက ဘောလုံးပရိသတ်တွေအနေနဲ့ အဆိုပါကစားသမား ၂ ဦးရဲ့စွမ်းဆောင်ချက်တွေကို အသိအမှတ်ပြုသင့်ကြောင်းနဲ့ ၂ ဦးစလုံးက ချီးကျူးမှုနဲ့ ထိုက်တန်ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ စကာလိုနီက "သူတို့ အသက်အရွယ်နဲ့ ဒီလိုဘောလုံးအဆင့်အတန်းမှာကစားနေတာကိုကြည့်ရင် သူတို့ဘယ်လောက်အထိ ပါရမီရှိကြောင်းနဲ့ ဂရုစိုက်မှုတွေပြုလုပ်ထားကြသလဲဆိုတာ မြင်နိုင်ပါတယ်"

"ဒီလိုမျိုး ကွာခြားတဲ့ခြေစွမ်းတွေကို ပြသနိုင်ခဲ့ကြတာ သူတို့ရဲ့ကြိုးစားမှုက အဓိက အခန်းကဏ္ဍကနေ ပါဝင်နေပါတယ်။ သူတို့ရဲ့ ဘောလုံးသမားဘဝကို ပါရမီနဲ့လိုက်လျောညီထွေဖြစ်အောင် တည်ဆောက်နိုင်ခဲ့ကြလို့ အခုလို ထိပ်ဆုံးမှာ အကြာကြီးရပ်တည်နေကြတာပါ"  လို့ပြောကြားခဲ့ပါတယ်။ 

ပရိသတ်တွေဟာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ကို ဘောလုံးလောကကနေ အနားယူသွားမှာ စိုးရိမ်နေကြပေမယ့် မက်ဆီနဲ့ပတ်သက်ပြီး စကာလိုနီက "သူ ကျွန်တော်တို့အတွက်ကစားပေးနိုင်ချိန်မှာ အတတ်နိုင်ဆုံးအားပေးသွားရပါမယ်။ အချိန်တန်ရင်တော့ ဖြစ်သင့်တာက ဖြစ်လာမှာပါပဲ။ သူ့လိုကစားသမားတစ်ယောက်အတွက် ဘောလုံးကစားခြင်းကနေရပ်နားဖို့က မလွယ်ပါဘူး။ သူ့ရဲ့ဆုံးဖြတ်ချက်အပေါ်ပဲမူတည်ပါတယ်။ သူဘယ်အချိန်မှာ ကစားသမားဘဝကနေအနားယူမလဲဆိုတာ မသိရပေမယ့် အခုချိန်မှာတော့ ကျွန်တော်တို့ အတတ်နိုင်ဆုံးသူ့ကို အားပေးသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။

လာမယ့်ကြာသပတေးနေ့မှာတော့ မက်ဆီရဲ့ အာဂျင်တီးနားဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ဗင်နီဇွဲလားကို အိမ်ကွင်းမှာ ဧည်ခံကစားသွားရမှာဖြစ်ပြီး ရော်နယ်ဒိုရဲ့ပေါ်တူဂီကတော့ ၆ ရက်နေ့မှာ ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် အာမေးနီးယားနဲ့ ယှဉ်ပြိုင်သွားရပါမယ်။