The network connection is lost.

Banner Image

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီပါဝင်ပါက အာဂျင်တီးနားအတွက် ကြီးမားတဲ့တွန်းအားဖြစ်စေမယ်လို့ ပြောကြားလိုက်တဲ့ ရော်နယ်ဒို

ဘရာဇီးဂန္ထဝင်တိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက လာမယ့် ၂၀၂၆ မှာကျင်းပသွားမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လီယွန်နယ်မက်ဆီဝင်ရောက်ယှဉ်ပြိုင်ပါက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ကြီးမားတဲ့တွန်းအားဖြစ်လာလိမ့်မယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

ဘောလွန်းဒီအော်ဆု ၈ ကြိမ်အထိဆွတ်ခူးထားတဲ့မက်ဆီဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကာတာကမ္ဘာ့ဖလားမှာ အာဂျင်တီးနားကို ချန်ပီယံဖြစ်စေခဲ့ပြီး သူကိုယ်တိုင်ကလည်း ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ မက်ဆီဟာ အသက်-၃၈ နှစ်အရွယ်ရှိပြီဖြစ်သော်လည်း မေဂျာလိဂ်ကလပ် အင်တာမီယာမီအတွက် ခြေစွမ်းကောင်းတွေဆက်လက်ပြသနေဆဲဖြစ်ပြီး အသင်းကို အကောင်းဆုံးအကူအညီပေးထားနိုင်တာဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားကို ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ ၂ ကြိမ်အထိဆွတ်ခူးထားနိုင်ခဲ့တဲ့ ရော်နယ်ဒိုက မက်ဆီရဲ့စွမ်းဆောင်ရည်ဟာ အရင်အတိုင်းကောင်းမွန်နေဆဲဖြစ်ကြောင်းနဲ့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဆက်လက်တောက်ပသွားဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ ရော်နယ်ဒိုက "မက်ဆီပါဝင်တဲ့အသင်းက သာမန်အသင်းထက်တော့ ပိုသာမယ်ဆိုတာသေချာပါတယ်။ သူ့မှာပုံစံကောင်းရှိနေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ဖလားမှာလည်း ပုံစံကောင်းနဲ့ဆက်လက်ယှဉ်ပြိုင်သွားမှာပါ" 

"ကျွန်တော် ပြီးခဲ့တဲ့ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မက်ဆီရဲ့ပွဲတွေကို တောက်လျှောက်ကြည့်နေခဲ့ပြီး သူ့မှာ ပုံမှန်ခြေစွမ်းရှိနေသေးတယ်ဆိုတာ မြင်ခဲ့ရပါတယ်။ သူ့ရဲ့ဘောလုံးထိချက်တိုင်းက စိတ်ဝင်စားစရာကောင်းနေတုန်းပါပဲ။ ပွဲရဲ့အခြေအနေကို ကောင်းကောင်းအကဲခတ်နိုင်ပြီး ဘောလုံးပျက်သွားတဲ့အချိန်တွေမှာလည်း ပြန်လိုက်လုနေတုန်းပါ။ သူ မီတာ ၃၀-၄၀ လောက်အထိ မရပ်မနားပြေးနိုင်ပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအနေနဲ့ ထပ်မံဗိုလ်စွဲဖို့ အလားအလာရှိနေသေးကြောင်းကို ဘရာဇီးဂန္ထဝင်က "လီယွန်နယ်စကာလိုနီက ကစားအားကောင်းတဲ့ကစားသမားတွေကိုစုပြီး အရမ်းကောင်းတဲ့အသင်းကိုတည်ဆောက်ထားပါတယ်။ အာဂျင်တီးနားက အရမ်းလည်းစည်းလုံးတဲ့အသင်းတစ်သင်းလို့မြင်ပါတယ်။ ပြီးတော့ ထက်မြက်တဲ့ကစားသမားတွေလည်း အများကြီးရှိပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

အာဂျင်တီးနားနဲ့ ဘရာဇီးတို့ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ထားပြီးဖြစ်တာကြောင့် ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေကို အခုကတည်းက စတင်ပြုလုပ်နေကြပြီဖြစ်ပါတယ်။ လာမယ့်စက်တင်ဘာလမှာတော့ ၂ သင်းစလုံးဟာ တောင်အမေရိကဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲအုပ်စုမှာ နောက်ဆုံးပွဲစဉ် ၂ ပွဲ ဆက်လက်ကစားသွားဖို့ကျန်ရှိနေပါသေးတယ်။