The network connection is lost.

Banner Image

ကလပ်အသင်းနည်းပြဘဝပြီးဆုံးသွားတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ ဝန်ခံလိုက်တဲ့ အန်ဆယ်လော့တီ

ယမန်နေ့(သောကြာနေ့)၊ ရီးရဲလ်မက်ဒရစ်အသင်းရဲ့နည်းပြထွက်ခွာပြီဆိုတဲ့ကြေညာချက် ထွက်ပေါ်လာပြီးနောက် ဘရာဇီးလက်ရွေးစင်အသင်းကိုတာဝန်ယူတော့မယ့် အန်ဆယ်လော့တီက ကလပ်အသင်းဘောလုံးလောကမှာ သူ့ရဲ့ကျင်လည်မှုဆုံးခန်းတိုင်ခြင်း ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

လာလီဂါရာသီပိတ်ပွဲစဉ်အတွက် အန်ဆယ်လော့တီရဲ့ပွဲကြိုသတင်းစာရှင်းလင်းပွဲမစတင်ခင်မှာပဲ ရီးရဲလ်မက်ဒရစ်အသင်းက မကြာခင်ကာလအတွင်း အသင်းမှ အီတာလျံသားကြီးထွက်ခွာသွားလိမ့်မယ်လို့ တရားဝင်ကြေညာခဲ့ပါတယ်။ ဆန်တီယာဂိုဘာနေဗျူးမှထွက်ခွာပြီးနောက် ဘရာဇီးလက်ရွေးစင်အသင်းနဲ့ ပူးပေါင်းတော့မယ့် အန်ဆယ်လော့တီကလည်း မက်ဒရစ်အခြေစိုက်ကလပ်အသင်းကို လေးစားသောအားဖြင့် ကလပ်အသင်းဘောလုံးလောကဆီ ပြန်မလာတာမျိုး ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ အတည်ပြုခဲ့ပြန်ပါတယ်။

သောကြာနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ ဒါတွေက ကျွန်တော်ကိုယ်တိုင်လည်း မသိရှိရသေးတဲ့အရာတွေ ဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ကိုင်တွယ်ပြီးနောက် အခြားကလပ်အသင်းတစ်ခုခုကို ဦးဆောင်ပေးဖို့ ဆန္ဒမရှိတော့သလို လုပ်လည်း မလုပ်ချင်ပါဘူး။ ဒါက ကျွန်တော်ပြောခဲ့တဲ့အရာဖြစ်သလို ကျွန်တော်ထိန်းသိမ်းစောင့်ရှောက်သွားမယ့်အရာလည်း ဖြစ်ပါတယ်။ အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်လည်း မသိပါဘူး။ ဒါပေမယ့် အနီးစပ်ဆုံးကိစ္စကတော့ ဘရာဇီးလက်ရွေးစင်အသင်းနဲ့အတူ အကောင်းဆုံးလုပ်သွားဖို့ပဲ ဖြစ်ပါတယ်။

အခြားကလပ်အသင်းတစ်ခုခုဆီ ရောက်သွားပြီး မက်ဒရစ်ကို သစ္စာဖောက်သလိုမျိုး မဖြစ်လာလို့၊ သမိုင်းမှာ ငါးကြိမ်တိုင်တိုင် ကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့တဲ့အသင်းကို ကိုင်တွယ်ခွင့်ရရှိလို့ ကျွန်တော် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ ဒါက စိန်ခေါ်မှုကြီးတစ်ခုပါ။ ဒါပေမယ့် ဘရာဇီးအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုအတွက် ကြိုတင်ပြင်ဆင်ရခြင်းကိုလည်း ကြိုက်နှစ်သက်ပါတယ်”လို့ ပြောပါတယ်။ 

အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ၁၂၃ နှစ်တာ သမိုင်းတလျှောက် အအောင်မြင်ဆုံးနည်းပြအဖြစ် အသင်းမှထွက်ခွာသွားပါလိမ့်မယ်။ မက်ဒရစ်အခြေစိုက်ကလပ်ကို နှစ်ကြိမ်တိုင်တိုင်ကိုင်တွယ်ခဲ့တဲ့ အီတာလျံသားကြီးက အသင်းနဲ့အတူ ဆုဖလား ၁၅ လုံးအထိ ရယူခဲ့ပြီး ကလပ်အသင်းသမိုင်းတလျှောက် ဘယ်နည်းပြထက်မဆို ပိုမိုများပြားတဲ့ ဆုဖလားအရေအတွက်ကို ပိုင်ဆိုင်သွားခဲ့ပါတယ်။ အန်ဆယ်လော့တီကိုယ်တိုင်လည်း ဒီည၊ ဆန်တီယာဂိုဘာနေဗျူးမှာ ရီးရဲလ်ဆိုစီဒက်ကို ဧည့်ခံကစားရမယ့် ရာသီပိတ်ပွဲစဉ်အတွင်း ခမ်းနားကြီးကျယ်လှတဲ့နှုတ်ဆက်ပွဲနဲ့ ဂုဏ်ပြုမှုကို လက်ခံရရှိသွားပါလိမ့်မယ်။