The network connection is lost.

Banner Image

မြို့ခံပြိုင်ဘက်အင်တာမီလန်ကို အလှပဆုံး Comeback ဖြင့် အနိုင်ယူကာ အီတလီစူပါဖလားချန်ပီယံဖြစ်ခဲ့တဲ့ အေစီမီလန်

အေစီမီလန်က အင်တာမီလန်ရဲ့လေးကြိမ်ဆက်စူပါကိုပါအီတလီယာဖလားချန်ပီယံဖြစ်ခွင့်အိပ်မက်ကို အလှပဆုံး Comeback ဖြင့် အနိုင်ယူကာ ချေဖျက်သွားခဲ့ပါတယ်။ ဆော်ဒီနိုင်ငံ၊ ရီယက်ဒ်မြို့ရဲ့ Al-Awwal Park ကွင်းကြီးအတွင်း ယှဉ်ပြိုင်ကစားခဲ့တဲ့ အခုပွဲစဉ်မှာ အေစီမီလန်က အသင်းသမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် ပွဲထွက်လူစာရင်းမှာ အီတလီကစားသမားမပါဝင်ဘဲ ယှဉ်ပြိုင်ကစားသွားခဲ့ပါတယ်။

ပထမပိုင်းပွဲချိန်နာကျင်အချိန်ပိုမှာတော့ လီဆန်ဒရိုမာတီနက်ဇ်က တာရီမီရဲ့ဖန်တီးပေးမှုမှတဆင့် စီရီးအေလက်ရှိချန်ပီယံတွေအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယပိုင်းပွဲချိန်စတင်လာပြီး မိနစ်ပိုင်းအကြာမှာပဲ တာရီမီက ဒီဗရစ်ကို ကျော်ဖြတ်ကာ အေစီမီလန်ဂိုးသမားမိုင်ဂနန်ကို လှည့်စားပြီး အင်တာမီလန်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုး သွင်းယူခဲ့ပါတယ်။

ဒါပေမယ့် မိနစ်ပိုင်းအကြာမှာပဲ သီယိုဟာနန်ဒက်ဇ်က ပြစ်ဒဏ်ဘောမှတဆင့် တိုက်ရိုက်ကန်သွင်းကာ အေစီမီလန်အတွက် ပထမဆုံးချေပဂိုးကို လှလှပပသွင်းယူပေးခဲ့ပါတယ်။သာမန်ပွဲကစားချိန်ပြီးဆုံးဖို့ ၁၀ မိနစ်အလိုမှာပဲ အေစီမီလန်အတွက် ဒုတိယမြောက်ချေပဂိုးကို ပူလီဆစ်က ရယူပေးခဲ့လို့ ဆော်ဒီမြေ၊ မီလန်ဒါဘီပွဲစဉ်က တစ်ဖက်နှစ်ဂိုးစီသရေ ဖြစ်လာခဲ့ပါတယ်။

နာကျင်အချိန်ပိုမိနစ်တွေမှာတော့ အေစီမီလန်အတွက် အဖိုးတန်အနိုင်ဂိုးကို ရာဖေးလ်လီယာအိုရဲ့ ဖန်တီးပေးမှုမှတဆင့် လူစားဝင်ကစားသမားတမ်မီအေဗရာဟမ်က သွင်းယူပေးခဲ့လို့ အေစီမီလန်တို့ အခုဘောလုံးရာသီရဲ့ စူပါကိုပါအီတလီယာဖလားချန်ပီယံ ဖြစ်လာခဲ့ပါတယ်။