The network connection is lost.

Banner Image

IFAB ရဲ့စည်းမျဉ်းသစ်ထွက်ရှိပြီးနောက် မက်ဒရစ်ဒါဘီပယ်နယ်တီအငြင်းပွားမှုအပေါ် မကျေမနပ်ဖြစ်နေဆဲ အယ်လ်ဗာရက်ဇ်

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှထွက်ခွာလာရချိန်မှာ အက်သလက်တီကိုမက်ဒရစ်အသင်း အလွန်စိတ်ထိခိုက်နေခဲ့ပြီး ပယ်နယ်တီကန်သွင်းမှုဆိုင်ရာစည်းမျဉ်းသစ်ကို အခုသီတင်းပတ်အစောပိုင်းမှာ အတည်ပြု လိုက်ချိန် သူတို့ရဲ့ခံစားချက်တွေ ပြန်လည်မြင့်တက်လာခဲ့ပါတယ်။ 

ဖီဖာကျောထောက်နောက်ခံပေးထားတဲ့ IFAB ရဲ့စည်းမျဉ်းသစ်အရ မတ်လအတွင်း ရီးရဲလ်မက်ဒရစ်နဲ့အပြိုင် ပယ်နယ်တီအဆုံးအဖြတ်ကန်သွင်းချိန် ပယ်ဖျက်ခံလိုက်ရတဲ့အက်သလက်တီကိုတိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ရဲ့ ကန်သွင်းချက်မျိုးကို ပယ်နယ်တီပြန်ကန်ခွင့်ပေးဖို့ ခွင့်ပြုပေးပါလိမ့်မယ်။ ချန်ပီယံလိဂ် ၁၆-သင်းရှုံးထွက်အဆင့်အတွက် ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် အယ်လ်ဗာရက်ဇ်က ဟန်ချက်ပျက်ကာ ဘောလုံးကို မတ်တပ်ရပ်ထားတဲ့ဘယ်ခြေနဲ့ ဦးဆုံးထိမိခဲ့ပါတယ်။

ဒီကန်သွင်းချက်က မက်ဒရစ်ဂိုးသမားကော်တိုရစ်ကို ကျော်ဖြတ်ကာ ဂိုးဝင်သွားပေမယ့် ရုပ်သံမှတ်တမ်းပြန်ကြည့်မှုမှာ ဘောလုံးကို နှစ်ကြိမ်ထိမိခဲ့လို့ စည်းမျဉ်းအရ ဂိုးကို ပယ်ဖျက်ခဲ့ပါတယ်။ အဆုံးမှာတော့ အက်သလက်တီကိုမက်ဒရစ်လည်း ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာခဲ့ရပါတယ်။

အယ်လ်ဗာရက်ဇ်နဲ့ အက်သလက်တီကိုမက်ဒရစ်ကတော့ ဒီပယ်နယ်တီပယ်ဖျက်မှုအပေါ် အံ့အားသင့်နေခဲ့ပြီး ဒီနေ့အချိန်အထိ ခံစားချက်တွေ ရှိနေခဲ့ပါတယ်။ လတ်တလောအင်တာဗျူးအစီအစဉ်တစ်ခုမှာလည်း အာဂျင်တီးနားတိုက်စစ်မှူးက ပယ်နယ်တီကန်သွင်းချိန် ဘောလုံးကို နှစ်ကြိမ်မထိခဲ့ဘူးဆိုတဲ့ ရပ်တည်ချက်ကို ထပ်မံဖော်ထုတ်လာခဲ့ပါတယ်။

အယ်လ်ဗာရက်ဇ်က “ ဒီဆုံးဖြတ်ချက်က နည်းနည်းမတရားဘူးဆိုတော့ ဒေါသတွေ ပေါက်ကွဲခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေ့ဒီအချိန်အထိ ပယ်နယ်တီကန်ချက်က ဘောလုံးကို နှစ်ကြိမ်တိုင် ထိသလား၊ မထိဘူးလားဆိုတာ ကျွန်တော်တို့ မသိလိုက်ရလို့ပါပဲ။ ဒါပါပဲ။ အထူးသဖြင့် အဲ့ဒီရက်ပိုင်းမှာ ကျွန်တော့်ရဲ့ပယ်နယ်တီကန်ချက်ရုပ်သံဗီဒီယိုတွေ ထွက်လာလို့ အကြိမ်ရေ ဆယ်သန်းလောက် ပြန်ကြည့်ဖြစ်ပါတယ်။ ဒီဖြစ်ရပ်ကို လျစ်လျူရှုလိုက်ဖို့ဆိုတာလည်း အတော်ခက်ခဲလွန်းပါတယ်။ ကျွန်တော်တို့က ပွဲကြီးပွဲကောင်းတစ်ခုကို ယှဉ်ပြိုင်ကစားခဲ့ပြီး နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့လည်း အလွန်နီးစပ်ခဲ့ပါတယ်။ အခုလိုနာကျင်စရာကောင်းလှတဲ့ကိစ္စအချို့ကြောင့် အရာရာတိုင်း ပြိုလဲပျက်စီးသွားပါတယ်”လို့ ပြောပါတယ်။

အခုအချိန်မှာ ပယ်နယ်တီကန်သွင်းမှုဆိုင်ရာစည်းမျဉ်းသစ် ထွက်ရှိလာလို့ အက်သလက်တီကိုအတွက် အကူအညီအနည်းငယ်တော့ ဖြစ်လာနိုင်ပါတယ်။ သူတို့တွေက ပြီးခဲ့တဲ့ရာသီ၊ ရီးရဲလ်မက်ဒရစ်ကိုရှုံးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှ ထွက်ခွာရမှု ကို မမျှတမှုတစ်ခုအဖြစ် ဆက်လက်ရှုမြင်ထားဆဲ ဖြစ်ပါတယ်။