The network connection is lost.

Banner Image

အိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် မပါဝင်နိုင်ကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ အမ်ဘာပေ

ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူး ကီလီယန်အမ်ဘာပေက လာမယ့်နွေရာသီအိုလံပစ်ပြိုင်ပွဲမှာ ပြင်သစ်ယူ-၂၃ အသင်းအတွက် ပါဝင်နိုင်မှာ  မဟုတ်ကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ ဒီသတင်းဟာ နွေရာသီအားကစားပြိုင်ပွဲမှာ ပြင်သစ်အသင်းအတွက် အမ်ဘာပေ ပါဝင်ကစားနိုင်မယ်လို့ မျှော်လင့်နေကြတဲ့ ပရိသတ်တွေနဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ်မာခရွန်အတွက်တော့ စိတ်ပျက်စရာဖြစ်လာစေခဲ့ပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီကနေ ထွက်ခွာပြီး ရီးရဲလ်မက်ဒရစ်နဲ့ ချိတ်ဆက်ခဲ့ပြီးဖြစ်တာကြောင့် လာလီဂါချန်ပီယံတွေက သူတို့ကစားသမားသစ်ကို အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်စေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အမ်ဘာပေ အနေနဲ့ ပြင်သစ်အသင်းနဲ့အတူ အိုလံပစ်ပြိုင်ပွဲမှာယှဉ်ပြိုင်ခွင့်ရဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားထားသော်လည်း ရီးရဲလ်မက်ဒရစ်ကတော့ အသင်းရဲ့ပေါ်လစီအရ ယှဉ်ပြိုင်ခွင့်ပြုမှာမဟုတ်ဘဲ ၂၀၂၄-၂၅ ရာသီအတွက် ကြံ့ခိုင်မှုပြည့်ဝကာ အဆင်သင့်ဖြစ်နေစေဖို့ အနားယူစေမှာဖြစ်ပါတယ်။

အမ်ဘာပေက “အိုလံပစ်နဲ့ပတ်သက်ရင်တော့ ကျွန်တော့်ရဲ့ကလပ်အသင်းက ရှင်းလင်းတဲ့ရပ်တည်ချက်ရှိနေပါတယ်။ ကျွန်တော့်အနေနဲ့ အိုလံပစ်မှာ ပါဝင်ခွင့်မရဘူးလို့ထင်ပါတယ်။ ဒါအမှန်တရားပါပဲ။ တစ်ချိန်တည်းမှာပဲ ကျွန်တော်ကလည်း ဒါကိုနားလည်ပြီး စက်တင်ဘာလမှာ ကလပ်အသစ်နဲ့ ချိတ်ဆက်သွားတော့မှာပါ။ ဒါကြောင့် လက်ရှိအိုလံပစ်ပြိုင်ပွဲဝင်သွားမယ့် ပြင်သစ်အသင်းကို အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။ ကျွန်ကတော့ ပရိသတ်တစ်ယောက်အနေနဲ့ပဲ ကြည့်ရှုအားပေးသွားတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အမ်ဘာပေဟာ အိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ခွင့်မရသော်လည်း လက်ရှိကျင်းပနေတဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာတော့ ပြင်သစ်လက်ရွေးစင် အသင်းအတွက် ပါဝင်ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။ ပြင်သစ်ဟာ ယခုနှစ်ယူရိုပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်တဲ့ အသင်းအဖြစ် ရေပန်းစားနေပြီး တနင်္လာနေ့မှာတော့ အုပ်စုအဆင့်ပထမဆုံး ပွဲစဉ်အဖြစ် ဩစတြီးယားနဲ့ စတင်ကစားသွားရမှာဖြစ်ပါတယ်။