The network connection is lost.

Banner Image

အိုလီဆီကို ပေါင် ၅၂ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်တဲ့ ဘိုင်ယန်မြူးနစ်

ဘိုင်ယန်မြူးနစ်ဟာ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် မိုက်ကယ်အိုလီဆီကို ပေါင် ၅၂ သန်းနဲ့ အပြီးသတ်ခေါ်ယူလိုက်ပြီး ၅ နှစ်စာချုပ် ချုပ်ဆိုသွားမယ်လို့ အတည်ပြုထုတ်ပြန်လာခဲ့ပါတယ်။ ဒါကြောင့် အိုလီဆီအနေနဲ့ ဘိုင်ယန်မြူးနစ်နည်းပြသစ် ဗင်းဆင့်ကွန်ပနီရဲ့အစီအစဉ်တွေမှာ အဓိကအစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်သွားတော့မှာဖြစ်ပြီး ပြီးခဲ့တဲ့ရာသီက လက်လွှတ်ခဲ့ရတဲ့ ဘွန်ဒက်စ်လီဂါဖလားကို ဒီနှစ်မှာတော့ ပြန်လည်ဆွတ်ခူးပေးနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်ဟာ အိုလီဆီကို ခေါ်ယူလိုက်ပြီဖြစ်ကြောင်းကို ကလပ်ရဲ့ဆိုရှယ်မီဒီယာမှတစ်ဆင့် ဗီဒီယိုနဲ့တကွ ဖော်ပြခဲ့ပြီး ဗီဒီယိုထဲမှာ အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ ဘိုင်ယန်မြူးနစ်အင်္ကျီကို ဝတ်ဆင်ထားတာမြင်တွေ့ခဲ့ရပါတယ်။ ကလပ်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ အိုလီဆီက ဘွန်ဒက်စ်လီဂါမှာ သူ့ကိုယ်သူ သက်သေပြပြီး တတ်နိုင်သလောက် ဆုဖလားတွေ ဆွတ်ခူးသွားသွားဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ဆိုပါတယ်။

တောင်ပံကစားသမားက “ဘိုင်ယန်မြူးနစ်နဲ့ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုတွေက အရမ်းအပြုသဘောဆောင်ပါတယ်။ အခုလို အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရလို့ အရမ်းပျော်ပါတယ်။ ဒါက ကြီးကျယ်ခမ်းနားတဲ့ စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး ကျွန်တော်ရှာဖွေနေခဲ့တာကလည်း ဒါမျိုးပါပဲ။ ဒီလိုအဆင့်မှာ ကိုယ့်ကိုယ်ကိုယ်သက်သေပြပြီး လာမယ့်နှစ်တွေမှာ အသင်းနဲ့အတူ တတ်နိုင်သလောက် ဆုဖလားတွေဆွတ်ခူးနိုင်ဖို့ ကြိုးစားသွားပါမယ်”လို့ ပြောကြားခဲ့ပါတယ်။

ဘိုင်ယန်မြူးနစ်ရဲ့ အားကစားဒါရိုက်တာ ခရစ္စတိုဖရီယန်ကလည်း အိုလီဆီကို ဘယ်အရည်အချင်းတွေကြောင့် ခေါ်ယူသလဲဆိုတာ မီးမောင်းထိုးပြလာခဲ့ပါတယ်။ ဖရီယန်က “မိုက်ကယ်အိုလီဆီက အရမ်းလျင်မြန်တယ်။ နည်းပရိယာယ်ကြွယ်ဝတယ်။ ဂိုးပေါက်ခြိမ်းခြောက်မှုနဲ့ တိုက်စစ်ပိုင်းမှာ စွယ်စုံရကစားသမားတစ်ယောက်ပါ။ သူ့ရဲ့ ဂိုးဖန်တီးမှု အချက်အလက်တွေက အထင်ကြီးစရာဖြစ်နေပါပြီ။ အသက်-၂၂ ပဲရှိသေးပေမယ့် သူကအတော်လေး အဆင့်အတန်းမြင့်နေပြီး ဆာလောင်မှုလည်းရှိတာကြောင့် အလားအလာရှိတဲ့ကစားသမားတစ်ယောက်လို့ထင်ပါတယ်။ ပရိသတ်တွေက မိုက်ကယ်အိုလီဆီလိုကစားသမားတွေကို ကြည့်ချင်လို့ ကွင်းထဲကိုလာကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ဟာ အိုလီဆီကိုခေါ်ယူဖို့ ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ကြပြီး ချဲလ်ဆီးက အသင်းရဲ့ ကစားသမား ၂ ဦးလောက်အထိ အလိုက်ပေးပြီး ကမ်းလှမ်းမှုပြုလုပ်ခဲ့ပေမယ့် ဘိုင်ယန်မြူးနစ်က လက်ဦးမှုရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လူငယ်ကစားသမားဘဝကို အာဆင်နယ်မှာ ဖြတ်သန်းခဲ့တဲ့ အိုလီဆီဟာ ၂၀၁၇ ခုနှစ်မှာ ရီးဒင်းသို့မပြောင်းခင် ချဲလ်ဆီးနဲ့ မန်စီးတီးတို့ရဲ့ အကယ်ဒမီတွေမှာလည်း သွားရောက်နေထိုင်ခဲ့ဖူးပါတယ်။

ရီးဒင်းသို့ ရောက်ရှိပြီး ၂ နှစ်အကြာမှာပဲ အိုလီဆီဟာ အသင်းရဲ့ အဓိက ကစားသမားဖြစ်လာခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ခရစ္စတယ်ပဲလေ့စ်က ပေါင် ၈.၄ သန်းနဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ အိုလီဆီဟာ ပဲလေ့စ်အတွက် ပြိုင်ပွဲစုံ ပွဲ ၉၀ ကစားခဲ့ပြီး ၁၆ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ခရစ္စတယ်ပဲလေ့စ် ကစားသမားသမားဘဝ ဒုတိယရာသီမှာ အိုလီဆီဟာ အသင်းပရိသတ်တွေရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီး ပွဲစဉ် ၁ ခုတည်းမှာ ဂိုးဖန်တီးမှု ၃ ကြိမ်ပြုလုပ်နိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်အသက်အငယ်ဆုံး ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။