
ဒေါ့မွန်ကွင်းလယ်လူ ဘယ်လင်ဟမ်ကိုပစ်မှတ်ထားလာတဲ့ ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်ဟာ အသင်းရဲ့ကွင်းလယ်ပိုင်းကို ထပ်မံအင်အားဖြည့်တင်းဖို့အတွက် အာရုံစိုက်နေတာကြောင့် ယခုအခါမှာ ဂျုဒ်ဘယ်လင်ဟမ်ရဲ့ညီဖြစ်သူ ဒေါ့မွန်ကွင်းလယ်လူ ဂျို့ဘ်ဘယ်လင်ဟမ်ကိုခေါ်ယူနိုင်ဖို့ ပစ်မှတ်ထားနေတယ်လို့သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
ဂျို့ဘ်ဘယ်လင်ဟမ်ဟာ အစ်ကိုဖြစ်သူရဲ့ခြေရာအတိုင်း ပြီးခဲ့တဲ့နွေရာသီက ဒေါ့မွန်သို့ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ဂျာမနီမြေမှာတော့ ခြေစွမ်းပြဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဂျို့ဘ်ဟာ ဆန်းဒါးလန်းအတွက် ခြေစွမ်းပြကစားခဲ့ပြီး အသင်းကို ချန်ပီယံရှစ်မှ ပရီးမီးယားလိဂ်သို့တန်းတက်စေခဲ့ပေမယ့် ယခုအခါ ဒေါ့မွန်သို့ပြောင်းရွှေ့ခဲ့ပြီးနောက်မှာတော့ ဘွန်ဒက်စ်လီဂါမှာအသားကျဖို့ ရုန်းကန်နေရပါတယ်။
ဒေါ့မွန်အနေနဲ့ ဂျို့ဘ်ကို ဆန်းဒါးလန်းမှ ပြောင်းရွှေ့ကြေး ပေါင် ၂၈ သန်းနဲ့ခေါ်ယူခဲ့ပြီး အင်္ဂလန်သားဟာ အစ်ကိုဖြစ်သူရဲ့ခြေရာကို နင်းနိုင်မယ်လို့ယူဆခဲ့ကြပေမယ့် လောလောဆယ်အထိတော့ အသင်းမှာ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲနေဆဲဖြစ်ပါတယ်။ ဂျို့ဘ်ဟာ ယခုရာသီအတွင်း ဒေါ့မွန်အတွက် ၈ ပွဲအထိပါဝင်ကစားခွင့်ရထားပေမယ့် အဆိုပါ ၈ ပွဲထဲမှ ၅ ပွဲအထိ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် အင်္ဂလန်သားဟာ အခုချိန်အထိ ဒေါ့မွန်အတွက် ဂိုးဖန်တီးမှုနဲ့ သွင်းဂိုးတွေ ရရှိအောင်စွမ်းဆောင်နိုင်ခြင်းမရှိသေးပါဘူး။
ခြေစွမ်းပြသနိုင်ခြင်းမရှိတဲ့ဂျို့ဘ်ဘယ်လင်ဟမ်ကို ဂျာမနီဂန္ထဝင်ကစားသမားဟောင်း ဟာမန်ကလည်း ဂျို့ဘ်ဟာ သူ့အစ်ကိုဘယ်လင်ဟမ်ရဲ့တစ်ဝက်လောက်တောင် ခြေစွမ်းမရှိကြောင်း ဝေဖန်ပြောကြားထားပါတယ်။ ဂျို့ဘ်ဟာ ဒေါ့မွန်နဲ့ ၅ နှစ်သက်တမ်းရှိစာချုပ်တစ်ရပ်ကိုချုပ်ဆိုထားတာဖြစ်ပေမယ့် ယခုအခါမှာ တစ်ရာသီမကုန်ခင်မှာပဲ အသင်းနဲ့လမ်းခွဲဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့ သတင်းတွေထွက်ပေါ်ထားပါတယ်။
ဂျို့ဘ်ကိုပစ်မှတ်ထားနေတဲ့အသင်းတွေထဲမှာ ယူနိုက်တက်ကလည်း တစ်သင်းအပါအဝင်ဖြစ်ပြီး နည်းပြရူဘင်အာမိုရင်အနေနဲ့ ကစားသမားကို သူ့ရဲ့ ၃-၄-၂-၁ ကစားကွက်မှာ အသုံးချဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ တစ်ချိန်တည်းမှာ ခရစ္စတယ်ပဲလေ့စ်ကလည်း ကွင်းလယ်လိုအပ်ချက်ကြောင့် ဂျို့ဘ်ကိုခေါ်ယူနိုင်ဖို့ကြိုးစားနေတာကြော်င့ ယူနိုက်တက်အနေနဲ့ ကစားသမားကိုခေါ်ယူနိုင်ဖို့ ရုန်းကန်သွားရနိုင်ပါတယ်။
ယူနိုက်တက်ဟာ ပြီးခဲ့တဲ့နွေရာသီအတွင်း တိုက်စစ်ကစားသမား ၃ ဦးအထိခေါ်ယူထားဖြည့်ထားပေမယ့် ကွင်းလယ်ပိုင်းအတွက် ကစးသမားသစ်မခေါ်ယူခဲ့တာကြောင့် ဂျို့ဘ်ကို အလားအလာရှိတဲ့ကစားသမားအဖြစ် သတ်မှတ်ထားတယ်လို့သိရပါတယ်။ ဒါ့အပြင်ယူနိုက်တက်ဟာ ဘရိုက်တန်ကွင်းလယ်လူ ကားလို့စ်ဘာလီဘာကိုလည်း ပစ်မှတ်ထားနေပေမယ့် ဘရိုက်တန်ဘက်က တန်ကြေးပေါင် ၁၁၅ သန်းအထိသတ်မှတ်ထားကြောင့် ခေါ်ယူနိုင်ဖို့ ခက်ခဲနိုင်ပါတယ်။
လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အင်္ဂလန်ဒါဘီပြိုင်ဘက် လီဗာပူးကိုအန်ဖီးလ်မှာသွားရောက်ရင်ဆုင်ရမှာဖြစ်ပြီး ၂ ပွဲဆက်နိုင်ပွဲ စတင်ရရှိသွားမလား ဆက်လက်စောင့်ကြည့်ရပါမယ်။