ရီးရဲလ်မက်ဒရစ်နဲ့ ဆက်ဆံရေးအခြေအနေဆိုးဝါးနေကြောင်း ဖွင့်ဟလာတဲ့ ဘာစီလိုနာဥက္ကဌ
ဘာစီလိုနာဥက္ကဌ ဂျိုအန်လာပေါ်တာက သူ့အနေနဲ့ အသင်းရဲ့မဟာပြိုင်ဘက် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆက်ဆံရေးအခြေအနေအလွန်ဆိုးဝါးနေသလို၊ ဆက်ဆံရေးပြတ်တောက်မှုတွေလည်း ဖြစ်ပေါ်နေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
လာမယ့်တနင်္လာနေ့နံနက်မှာ ဘာစီလိုနာနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်အဖြစ် ဆော်ဒီမြေမှာ ထိပ်တိုက်တွေ့ဆုံသွားကြမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီ ဘာစီလိုနာနည်းပြ ဟန်ဆီဖလစ်ခ်က ရီးရဲလ်မက်ဒရစ်ဟာ တောင့်တင်းပြီး ရင်ဆိုင်ရခက်ခဲတဲ့အသင်းဖြစ်ကြောင်း ပြောကြားထားပေမယ့် လာပေါ်တာကတော့ ဆုဖလားကိုအရယူဖို့မျှော်လင့်ထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်နဲ့ ဆက်ဆံရေးအခြေအနေဆိုးဝါးနေကြောင်းကိုလည်း လာပေါ်တာက "ကျွန်တော်တို့နဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ဆက်ဆံရေးအခြေအနေက အတော်လေးဆိုးဝါးနေပြီး လောလောဆယ်မှာလည်း အဆက်အသွယ်ပြတ်တောက်နေပါတယ်။ ဒါက အမြဲတမ်းပြန်ပြုပြင်လို့ရပေမယ့် အခုကတော့ ဒီအတိုင်းပဲရှိပါသေးတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ရီးရဲလ်မက်ဒရစ်ဟာ ပြီးခဲ့တဲ့ရာသီက ဘာစီလိုနာရရှိခဲ့တဲ့ အောင်မြင်မှုမျိုးကိုရရှိဖို့ စပိန်စူပါဖလားဗိုလ်လုပွဲမှာ ကြိုးပမ်းလာနိုင်ကြောင်းကို လာပေါ်တာက "ကျွန်တော်တို့ ပြီးခဲ့တဲ့နှစ်ကရရှိခဲ့တဲ့ သမိုင်းဝင်အောင်မြင်မှုမျိုးကို သူတို့ကလိုချင်နေတာပါ။ ဒါပေမယ့် ဒီလိုရဖို့ ကျွန်တော်တို့ကို အနိုင်ရမှဖြစ်ပါလိမ့်မယ်" လို့ပြောကြားခဲ့ပါတယ်။