ဒဏ်ရာပြဿနာကြောင့် နယူးကာဆယ်နဲ့ပွဲမှာ အဓိကခံစစ်ကစားသမားနှစ်ဦး လွဲချော်မယ့် ဘာစီလိုနာ
ဘာစီလိုနာအသင်းဟာ အက်သလက်တီကိုမက်ဒရစ်နဲ့ ကစားခဲ့တဲ့ ကိုပါဒီရေးဆီမီးဖိုင်နယ်ပွဲစဉ်မှာ အနိုင်ရလဒ်ရအောင် ပြန်မတိုက်စစ်နိုင်ခဲ့ရုံတင်မကဘဲ အင်တိုက်အားတိုက် ကြိုးစားခဲ့ရမှုရဲ့ ဆိုးကျိုးတွေကိုပါ အခုအခါ ခံစားနေရပြီ ဖြစ်ပါတယ်။ နည်းပြ ဟန်ဆီဖလစ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် လူစားလဲမှု နှစ်ကြိမ် ပြုလုပ်ခဲ့ရသလို ပွဲပြီးဆုံးချိန်မှာလည်း ကစားသမား အတော်များများဟာ ပင်ပန်းနွမ်းနယ်နေခဲ့ကြပါတယ်။
ပွဲကစားချိန် ၁၁ မိနစ်မှာတင် နည်းပြဖလစ် လက်ထက်မှာ ပွဲအများဆုံး ကစားပေးထားရတဲ့ ဂျူးလက်စ်ကွန်ဒီဟာ အလက်ဇန္ဒရို ဘာလ်ဒီနဲ့ လူစားလဲခဲ့ရပါတယ်။ ဘာစီလိုနာမှာ ဒဏ်ရာကင်းစင်သလောက်ရှိခဲ့တဲ့ ပြင်သစ်နောက်ခံလူဟာ သူ့ရဲ့ ပေါင်နောက်ကြောကို ကိုင်ရင်း လဲကျသွားခဲ့တာပါ။
သူ့နေရာမှာ အလက်ဇန္ဒရို ဘာလ်ဒီ ဝင်ရောက်ကစားခဲ့ပြီး ဂျာအို ကန်ဆယ်လိုက ညာနောက်ခံလူနေရာကို ပြောင်းလဲကစားခဲ့ရပေမဲ့ မိနစ် ၇၀ မတိုင်ခင်မှာပဲ ဘာလ်ဒီလည်း ဒဏ်ရာကြောင့် ကွင်းထဲက ထွက်ခွာခဲ့ရပြန်ပါတယ်။ ကြွက်သားဒဏ်ရာ ရရှိသွားပုံရတဲ့ ဘာလ်ဒီဟာ မျက်ရည်တွေကို ထိန်းထားရင်း ကွင်းထဲကနေ ခက်ခက်ခဲခဲ လမ်းလျှောက်ထွက်သွားခဲ့တာကို တွေ့ရပါတယ်။
ကစားသမားနှစ်ဦးစလုံးရဲ့ သတင်းကတော့ မကောင်းလှပါဘူး။ MD ရဲ့ ဖော်ပြချက်အရ သူတို့နှစ်ဦးစလုံးဟာ ပေါင်နောက်ကြောကြွက်သား ဒဏ်ရာ ရရှိခဲ့တာဖြစ်ပြီး တစ်လခန့် အနားယူရဖို့ ရှိနေပါတယ်။ ဗုဒ္ဓဟူးနေ့မှာ ထပ်မံစစ်ဆေးမှုတွေ ပြုလုပ်သွားဦးမှာဖြစ်ပေမဲ့ သူတို့နှစ်ဦးဟာ ဧပြီလ ၄ ရက် ဒါမှမဟုတ် ၅ ရက်နေ့မှာ ကစားမယ့် အက်သလက်တီကိုမက်ဒရစ်နဲ့ပွဲမှသာ ပြန်လည်ပါဝင်နိုင်ဖွယ် ရှိနေပါတယ်။
ဒါကြောင့် နည်းပြ ဖလစ်အနေနဲ့ နယူးကာဆယ်နဲ့ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်နှစ်ပွဲစလုံးအပြင် အက်သလက်တစ်ဘီလ်ဘာအို၊ ဆီဗီလာ၊ ရာယိုဗယ်လက်ကာနိုတို့နဲ့ ကစားရမယ့် လာလီဂါပွဲစဉ် ၃ ပွဲအတွက်ပါ ခံစစ်ပိုင်းကို အပြောင်းအလဲတွေ ပြုလုပ်ပြီး ခက်ခက်ခဲခဲ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။