ကွင်းတွင်းကိုယ်ထိလက်ရောက်ကျူးလွန်မှုကြောင့် ရူဒီဂါကို ၁၀ ပွဲပယ်ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုလိုက်တဲ့ ဂီတာဖေးကြယ်ပွင့်ကစားသမား
ပြီးခဲ့တဲ့တနင်္လာနေ့ (မတ်၂ ရက်)၊ ရီးရဲလ်မက်ဒရစ်ကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့လာလီဂါပွဲစဉ်အတွင်း ပေါ်ပေါက်ခဲ့တဲ့ဖြစ်ရပ်တစ်ခုနဲ့စပ်လျဉ်းလို့ ရူဒီဂါကို ၁၀ ပွဲအထိ ပွဲပယ်ပြစ်ဒဏ်ချမှတ်ပေးဖို့ ဂီတာဖေးနောက်ခံလူဒီယေဂိုရီကိုက တောင်းဆိုလိုက်ပါတယ်။
အာဘယ်လိုအာရဲ့အသင်းက ဆန်တီယာဂိုဘာနေဗျူးကွင်းမှာ ဂီတာဖေးကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီး ဒီရလဒ်ကြောင့် ခါးသီးပြိုင်ဘက်ဘာစီလိုနာနဲ့ ၄ မှတ်အထိ ပြတ်တောက်သွားပါတယ်။
အခုပွဲစဉ်ပွဲစဉ်အတွင်း အသက် ၃၂ နှစ်အရွယ်ရူဒီဂါလည်း ရုန်းကန်ခဲ့ရပြီး ဂီတာဖေးကစားသမားရီကို မြေပြင်ပေါ်လဲကျနေချိန် သူ့ရဲ့ဒူးနဲ့ ရီကိုရဲ့မျက်နှာကိုတိုက်မိအောင် လုပ်ဆောင်ခဲ့တဲ့မြင်ကွင်းကို တွေ့ရှိခဲ့ရပါတယ်။
ပွဲစဉ်အပြီး Deportes COPE နဲ့ အင်တာဗျူးမှာ စိတ်လှုပ်ရှားတုန်လှုပ်နေတဲ့ ရီကိုက လာလီဂါတာဝန်ရှိသူတွေကိုယ်တိုင် ဒီဖြစ်ရပ်ကို အရေးယူဆောင်ရွက်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။
ရီကိုက "တကယ်လို့ ဒီအခြေအနေက ပြောင်းပြန်သာဖြစ်ခဲ့ရင် ကျွန်တော်ကိုယ်တိုင် ၁၀ ပွဲပယ်ပြစ်ဒဏ်ဖြစ်ဖြစ် ဒါမှမဟုတ် ဒီရာသီတစ်ခုလုံး ပွဲကစားခွင့်ရရှိဖို့ မရှိတော့ပါဘူး။ VAR ဆိုတာ ဘာအတွက်လဲဆိုတာ ကျွန်တော်မသိတော့ဘူး၊။ ဒီလိုအခြေအနေမျိုးတွေကို စောင့်ကြည့်ဖို့အတွက် VAR ရှိနေတာလို့ပဲ ကျွန်တော်ထင်ပါတယ်" လို့ ပြောပါတယ်။
"ဒါဟာ ကိုယ်ထိလက်ရောက်တိုက်ခိုက်မှုတစ်ခုပါပဲ၊ သူ ကျွန်တော့်ကို တမင်တကာလုပ်တာကို ခင်ဗျားတို့ မြင်နိုင်ပါတယ်။ အဲဒီမတိုင်ခင် ကစားကွက်မှာလည်း ကျွန်တော်တို့ကြားမှာ အခြေအတင်ဖြစ်ပြီး ပြစ်ဒဏ်ဘောတစ်ခု ဖြစ်ခဲ့ပါသေးတယ်။ ခံစစ်ဇုန်ဆီပြန်သွားချိန် သူ တစ်ခုခုကို လှမ်းပြောနေခဲ့ပြန်ပါတယ်" လို့ ဆိုပါတယ်။
"နောက်တစ်ခါ ကစားကွက်မှာတော့ ဘောလုံးက ကျွန်တော့်ဆီ ရောက်လာခဲ့ပါတယ်။ အဲဒီအချိန်မှာ သူက ကျွန်တော့်မျက်နှာကို ထိခိုက်အောင်လုပ်ဖို့ သူ့ရဲ့အသင်းဖော်ကိုတောင် တွန်းဖယ်ခဲ့တာကို မြင်နိုင်ပါတယ်။ တကယ်လို့သာ ကျွန်တော့်ဆီသာ တိုက်ရိုက်ထိခိုက်လာမယ်ဆိုရင် ကျွန်တော်ကိုယ်တိုင်လည်း မြက်ခင်းပေါ်လဲကျသွားနိုင်ပါတယ်" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။