ဒဏ်ရာဒဏ်ချက်တွေကြောင့် ရုန်းကန်ခဲ့ရကြောင်း ယာမယ်လ် ဝန်ခံ
ပြီးခဲ့တဲ့ စနေနေ့က ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ဘာစီလိုနာတိုက်စစ်ကစားသမား လာမိုင်းယာမယ်လ်က သူ့အပေါ် ဝေဖန်နေသူတွေကို တုံ့ပြန်ပြောကြားလိုက်ပါတယ်။
မနေ့ကကစားခဲ့တဲ့ပွဲစဉ်မှာ ဘာစီလိုနာက ဗီလာရီးရဲလ်ကို ၄-၁ နဲ့ အပြတ်အသတ်အနိုင်ရရှိခဲ့တာဖြစ်ပြီး ယာမယ်လ်က အသင်းအတွက် အကောင်းဆုံးဟက်ထရစ်ကို သွင်းယူပေးခဲ့တာပါ။
ပွဲအပြီးမှာတော့ ယာမယ်လ်က "အသင်းနိုင်ပွဲရခဲ့တဲ့အတွက် ကျွန်တော် တကယ်ကို ဝမ်းသာပါတယ်။ သူတို့က တကယ့်ကို ခက်ခဲတဲ့ ပြိုင်ဘက်တွေပါ၊ ဂိုး ၃ ဂိုး သွင်းနိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်" လို့ ပြောခဲ့ပါတယ်။
"ဒုတိယဂိုးမှာတော့ သူတို့တွေ လိုက်လာအောင် စောင့်နေခဲ့တာပါ၊ ဒါမှပဲ သူတို့ကို ကျော်ဖြတ်ပြီး ဆွဲထွက်နိုင်မှာလေ။ ပြီးတော့ ကန်လိုက်တာပဲ... အင်း၊ တစ်ခုမဟုတ်တစ်ခုတော့ ဂိုးဝင်သွားရမှာပေါ့" လို့ ၎င်းက ဆိုပါတယ်။
"လူတွေက ကျွန်တော့်ကို အသက် ၁၆ နှစ်မှာတင် ဂိုး ၁၀၀ လောက် သွင်းစေချင်နေကြတာ။ တကယ်တော့ ကျွန်တော် နေမကောင်းဖြစ်နေခဲ့တာပါ၊ ပေါင်ခြံဒဏ်ရာက တော်တော်လေး ပြင်းထန်ခဲ့လို့ ကျွန်တော် မပျော်ရွှင်ခဲ့ပါဘူး၊ အဲဒါကလည်း အသိသာကြီးပါပဲ။ အခု တစ်ပတ်လေ ာက်ရှိပြီ ကျွန်တော် ပိုပြီး နေလို့ကောင်းလာတယ်၊ ကစားတဲ့အချိန်မှာလည်း ပြုံးနိုင်လာပြီး ဘောလုံးကစားရတာကို ပျော်နေပါပြီ" လို့ ယာမယ်လ်က ဖွင့်ဟခဲ့ပါတယ်။
သူ့ရဲ့ အကောင်းဆုံးပုံစံကို ပြန်ရနေပြီလားဆိုတဲ့ မေးခွန်းအပေါ်မှာတော့ "ဒါကတော့ ကျွန်တော် မသိပါဘူး၊ ခင်ဗျားတို့ပဲ ပြောကြည့်ကြလေ။ ကျွန်တော့်ကို လူစားမလဲခင် တတိယဂိုး သွင်းပြီးတဲ့အထိ စောင့်ပေးဖို့ နည်းပြ ဖလစ်ကို ပြောထားခဲ့တာ" လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။