ဖီနာဘာချီသို့ပြောင်းရွှေ့ဖို့ နီးစပ်လာတဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ ပြင်ဆင်နေတဲ့ ရောဘတ် လီဝန်ဒေါစကီးဟာ တူရကီကလပ် ဖီနာဘာချီအသင်းနဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
လီဝန်ဒေါစကီးဟာ ၂၀၂၂ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်ကနေ ဘာစီလိုနာကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စပိန်ထိပ်တန်းကလပ်အတွက် ၁၉၃ ပွဲ ကစားပေးခဲ့ရာမှာ ၁၂၀ ဂိုးအထိ သွင်းယူပေးထားသူပါ။ ဒါပေမဲ့ အသင်းဘက်ကတော့ ဒီနွေရာသီမှာ သူ့ရဲ့စာချုပ်ကို သက်တမ်းမတိုးတော့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီဘောလုံးသမားဟာ ပြီးခဲ့တဲ့ရာသီက ၄၆ ပွဲ ကစားခဲ့ရာမှာ ၁၉ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ အထူးသဖြင့် သူ့ရဲ့ ပိုလန်လက်ရွေးစင်အသင်းက ကမ္ဘာ့ဖလားနဲ့ လွဲချော်သွားတာကြောင့်လည်း လာမယ့်လတွေအတွင်းမှာ အသင်းသစ်တစ်ခုကို ရှာဖွေသွားမှာ ဖြစ်ပါတယ်။
လီဝန်ဒေါစကီးကို ဂျူဗင်တပ်စ်၊ အေစီမီလန်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဆော်ဒီပရိုလိဂ်ကလပ်တွေက စိတ်ဝင်စားနေကြသလို အခုအခါမှာတော့ ဖီနာဘာချီအသင်းကလည်း သူ့ကို အရခေါ်ယူဖို့ အလေးအနက် ကြိုးပမ်းနေတယ်လို့ သတင်းထွက်လာပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ တိုက်စစ်မှူးဖြစ်သူက သူ့ရဲ့ ရွေးချယ်စရာတွေကို စဉ်းစားနေချိန်မှာပဲ တူရကီကလပ်က သူ့ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။
"ဖီနာဘာချီဟာ ရောဘတ် လီဝန်ဒေါစကီးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။ လီဝန်ဒေါစကီးဘက်က ရွေးချယ်စရာအားလုံးကို တွက်ချက်နေတုန်းမှာပဲ ကနဦး ဆက်သွယ်မှုတွေ ပြုလုပ်ထားပါတယ်။ သူဟာ ဥက္ကဋ္ဌလောင်း ဆာဖီက အကြံပြုထားတဲ့ အမည်စာရင်းထဲမှာလည်း ပါဝင်နေပါတယ်" လို့ ရိုမာနိုက ပြောပါတယ်။
တူရကီမီဒီယာတွေရဲ့ ဖော်ပြချက်အရ ဖီနာဘာချီရဲ့ ဥက္ကဋ္ဌလောင်း ဟာကန်ဆာဖီဟာ လီဝန်ဒေါစကီးကို တရားဝင် ချဉ်းကပ်ခဲ့ပြီး အပြောင်းအရွှေ့အတွက် ဆွေးနွေးမှုတွေ ဆက်လက် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။ ပရိသတ်တွေကလည်း တူရကီစူပါလိဂ်ဆီ ဂိုးတွေအများကြီး ယူဆောင်လာပေးနိုင်မယ့် ဒီဝါရင့်တိုက်စစ်မှူးကြီးကို အသင်းက တကယ်ပဲ ခေါ်ယူနိုင်မလားဆိုတာ စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေကြပါတယ်။