ဘာစီလိုနာမဟုတ်ရင် ဥရောပရဲ့ တခြားဘယ်အသင်းမှာမှ မကစားချင်တော့ဘူးလို့ ဆိုလာတဲ့ လီဝန်ဒေါစကီး
ဘာစီလိုနာအသင်းရဲ့ ကြယ်ပွင့်ဟောင်း ရော်ဘတ် လီဝန်ဒေါစကီးဟာ ဒီနွေရာသီမှာ အသင်းကနေ ထွက်ခွာပြီး ချီကာဂိုဖိုင်းယားအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့အကြောင်းကို ဖွင့်ဟပြောကြားလာပါတယ်။
ဝါရင့်တိုက်စစ်မှူးကြီးဟာ ၂၀၂၆-၂၇ ရာသီအထိ အသင်းမှာ ဆက်ထိန်းထားနိုင်မယ့် အချက်တစ်ချက် စာချုပ်ထဲမှာ ပါဝင်နေပေမဲ့လည်း လာလီဂါချန်ပီယံ ဘာစီလိုနာနဲ့ စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ လီဝန်ဒေါစကီးဟာ စပိန်မြေမှာ ကစားခဲ့တဲ့ ၄ ရာသီအတွင်း ၁၉၃ ပွဲမှာ ဂိုး ၁၂၀ အထိ သွင်းယူနိုင်ခဲ့ပြီး လာလီဂါဖလား ၃ ကြိမ်နဲ့ ၂၀၂၅ ခုနှစ် ကိုပါဒယ်ရေးဖလားတို့ကို ဆွတ်ခူးကာ ဂိုးသွင်းစက်ကြီးအဖြစ် အစွမ်းပြနိုင်ခဲ့သူပါ။
အခုအခါမှာတော့ သူဟာ အမေရိကန်ကလပ်နဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် MLS မှာ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ဖို့ ပြင်ဆင်နေပြီဖြစ်ပါတယ်။ ဘာစီလိုနာအပေါ် ထားရှိတဲ့ သူ့ရဲ့ချစ်ခြင်းမေတ္တာကြောင့် ဥရောပရဲ့ တခြားအသင်းတွေမှာ ဆက်ကစားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။
"ဘာစီလိုနာကလွဲရင် ဥရောပက တခြားဘယ်အသင်းအတွက်မှ ကျွန်တော် မကစားချင်ပါဘူး။ အဲဒီလိုမျိုးကို စိတ်တောင်မကူးဖူးပါဘူး။ ဒါဟာ ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါ ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ခဲ့ပေမဲ့ အခုအသင်းသစ်ကို ရောက်လာခဲ့တဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ကျွန်တော့်ရဲ့ ကစားသမားဘဝနဲ့ ဘဝခရီးလမ်းရဲ့ အဆင့်သစ်မှာ ဆုဖလားတွေ ထပ်မံဆွတ်ခူးနိုင်ဖို့ မျှော်လင့်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
လီဝန်ဒေါစကီးဟာ ချီကာဂိုဖိုင်းယားအသင်းရဲ့ အထူးအခွင့်အရေးရ နိုင်ငံတကာကစားသမား (International Designated Player) တစ်ဦးအနေနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားအပြီး လာမယ့်သီတင်းပတ်တွေမှာ ၂၀၂၆ MLS ရာသီ ပြန်လည်စတင်တော့မှာဖြစ်လို့ ဇူလိုင်လ ၂၂ ရက်နေ့မှာ ကစားမယ့် အင်တာမိုင်ယာမီနဲ့ပွဲမှာ သူဟာ အသင်းအတွက် စတင်ပွဲထွက်လာနိုင်ပါတယ်။