ဘာစီလိုနာကို အပြီးအပိုင်ပြောင်းရွှေ့နိုင်ဖို့ ကြိုးစားနေတဲ့ ရပ်ရှ်ဖို့ဒ်အနေနဲ့ ငွေကြေးနောက်ကိုပဲ အစွဲအလမ်းကြီးပြီး လိုက်မနေဖို့ နဗင်အကြံပြု
ချယ်လ်ဆီးကြယ်ပွင့်ဟောင်း ပက်နဗင်က ဘာစီလိုနာကို ပြောင်းရွှေ့ဖို့ ပြင်ဆင်နေတဲ့ မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး မားကပ်စ်ရပ်ရှ်ဖို့ဒ်ကို အကြံဉာဏ်အချို့ ပေးလိုက်ပါတယ်။
တစ်ပတ်လုပ်ခ ပေါင် ၃၂၅,၀၀၀ ရရှိနေတယ်လို့ သတင်းထွက်နေတဲ့ အင်္ဂလန်လက်ရွေးစင် ရပ်ရှ်ဖို့ဒ်ဟာ အခုရာသီမှာ ဘာစီလိုနာအသင်းဆီ အငှားနဲ့ လာရောက်ကစားနေတာဖြစ်ပြီး လာလီဂါချန်ပီယံဆုကိုလည်း ဆွတ်ခူးနိုင်ခဲ့ပါတယ်။
ယူနိုက်တက်ကတော့ ဒီနွေရာသီမှာ ရပ်ရှ်ဖို့ဒ်ကို အပြီးအပိုင်လက်လွှတ်ဖို့အတွက် ဘာစီလိုနာဆီကနေ ပေါင် ၂၆ သန်း အလိုရှိနေတာပါ။ ဒါပေမဲ့ ရပ်ရှ်ဖို့ဒ်ဟာ နူးကမ့်မှာ အခုရာသီအတွင်း ၁၄ ဂိုးသွင်း၊ ၁၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပေမဲ့ စပိန်ကလပ်ကတော့ ဒီပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဝန်လေးနေပါတယ်။
ဒါကြောင့် ရပ်ရှ်ဖို့ဒ်ရဲ့ အနာဂတ်က ဝေဝါးနေပြီး ဘယ်ဘက်ကမှ မလိုလားတဲ့ မန်ချက်စတာယူနိုက်တက်ဆီ ပြန်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။
အခုလိုအခြေအနေမှာ နဗင်က တိုက်စစ်မှူးရပ်ရှ်ဖို့ဒ်အနေနဲ့ အပြောင်းအရွှေ့ဖြစ်မြောက်ဖို့အတွက် သူ့ရဲ့လုပ်ခလစာကို လျှော့ချသင့်ကြောင်း အကြံပြုခဲ့တာပါ။
"ကျွန်တော်သာ ရပ်ရှ်ဖို့ဒ်ကို အကြံပေးရမယ်ဆိုရင် ငွေနောက်ပဲ အစွဲအလမ်းကြီးပြီး လိုက်မနေဘဲ မူရင်းအသင်းဖြစ်တဲ့ မန်ယူမှာပဲ ဆက်နေဖို့ ညှိနှိုင်းခိုင်းမိမှာပါ၊ ဘာလို့လဲဆိုတော့ အဲဒီကလပ်ကပဲ သူနဲ့အသင့်တော်ဆုံးနေရာမို့လို့ပါ။ ဘာစီလိုနာက ဒီလောက်များတဲ့ လုပ်ခတွေကို ဆက်ပေးနိုင်ပါ့မလားဆိုတာ ကျွန်တော် မသိဘူး။ ရီးရဲလ်မက်ဒရစ်ကတော့ ပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ခြေစွမ်းအတက်အကျ ရှိတတ်တဲ့ ကစားသမားတစ်ယောက်အတွက် ဒီလောက်များပြားတဲ့ ငွေကြေးကို ဘယ်သူမှ မပေးချင်ကြပါဘူး။ သူ မန်ယူမှာ ရနေတဲ့ လစာပမာဏက တကယ်ကို များလွန်းပါတယ်။ ဒါကြောင့် သူ့ကို ဝယ်မယ့်အသင်းကလည်း အကန့်အသတ်ပဲ ရှိပါလိမ့်မယ်။ ချယ်လ်ဆီးလိုအသင်းမျိုးကလည်း လူငယ်ကစားသမားတွေကိုပဲ ဝယ်ပြီး ပြန်ရောင်းဖို့ပဲ စဉ်းစားတာမျိုးဆိုတော့ သူ့ကို ဝယ်မှာမဟုတ်ဘူး။ ဒီတော့ သွားလို့ရမယ့် အသင်းအရေအတွက်က နည်းသွားပါပြီ" လို့ နဗင်က Grosvenor Casinos ကို ပြောကြားခဲ့ပါတယ်။
"ဒါကြောင့် မားကပ်စ်အနေနဲ့ အေးဂျင့်တွေကို ခဏမေ့ထားပြီး ကိုယ့်ဘာကိုယ် အေးအေးဆေးဆေး ပြန်စဉ်းစားသင့်ပါတယ်။ 'နောင် အနှစ် ၂၀ ဒါမှမဟုတ် ၃၀ ကြာတဲ့အခါ လူတွေက ကိုယ့်ကို ဘယ်လိုပုံစံနဲ့ ပြန်မြင်စေချင်တာလဲ? ကိုယ့်ဘဏ်စာရင်းထဲက သုညတွေ တိုးလာတာကိုပဲ ကြည့်ချင်တာလား ဒါမှမဟုတ် ဘောလုံးကစားရတာကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းခဲ့ရတာကိုပဲ လိုချင်တာလား' ဆိုတာကို မှန်ရှေ့မှာ ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ဖို့ လိုပါတယ်"
ဘာစီလိုနာအသင်းအနေနဲ့ ရပ်ရှ်ဖို့ဒ်ကို ပေါင် ၂၆ သန်းနဲ့ အပြီးသတ်ခေါ်ယူဖို့ ဇွန်လ ၁၅ ရက်နေ့အထိ အချိန်ရှိနေပါတယ်။ လက်ရှိမှာတော့ ရပ်ရှ်ဖို့ဒ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင် မြောက်အမေရိကကို ထွက်ခွာသွားပြီဖြစ်ပြီး အချိန်ကတော့ တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။