The network connection is lost.

Banner Image

အသင်းအတွက်အနိုင်ဂိုးသွင်းပေးခဲ့တဲ့ နွာနီရီကို ချီးကျူးလိုက်တဲ့ အာတီတာ

အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယနေ့နံနက်က ဂျီရိုနာကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့အနိုင်ဂိုးကိုသွင်းယူပေးခဲ့တဲ့ လူငယ်ကွင်းလယ်ကြယ်ပွင့် အီသန်နွာနီရီကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဂျီရိုနာအတွက်ဦးဆောင်ဂိုးကို ပွဲကစားချိန် ၂၈ မိနစ်မှာ တော့တင်ဟမ်နောက်ခံလူဟောင်း အာနော့ဒန်ဂျူမာက စတင်သွင်းယူပေးခဲ့ပေမယ့် အာဆင်နယ်အတွက် ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ဂျော်ဂျင်ဟိုနဲ့ အီသန်နွာနီရီတို့က ပထမပိုင်းမပြီးခင်မှာပဲ ပြန်လည်သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။ 

အာဆင်နယ်သို့ အသက်-၈ နှစ်အရွယ်ကတည်းက ရောက်ရှိလာခဲ့တဲ့ နွာနီရီဟာ အသင်းရဲ့အဓိက တောင်ပံကစားသမား ဘူကာယိုဆာကာ တံကောက်ကြောဒဏ်ရာရရှိကတည်းက အာတီတာအတွက် ပုံမှန်ပွဲထွက်ကစားခွင့်ရထားတာဖြစ်ပါတယ်။ ပွဲအပြီးမှာ အာတီတာက “ကျွန်တော်တို့သူ့ကိုချစ်တာ အဲဒါတွေကြောင့်ပါပဲ။ သူက အသင်းအတွက်အကျိုးပြုဖို့ အမြဲတမ်းဆန္ဒရှိနေတဲ့ ကစားသမားပါ။ ဘောလုံးကိုင်ထားတဲ့အချိန်မှာ အရမ်းကောင်းတဲ့ကစားသမားဖြစ်ပြီး ယုံကြည်မှုလည်းမြင့်မားပါတယ်”

“မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေကိုချတတ်ပြီး အသင်းကိုကူညီဖို့ စိတ်အားထက်သန်ပါတယ်။ ဒီနေ့မှာသူသွင်းခဲ့တဲ့ ဂိုးကလည်း အတော်လေးလှပပြီး အသင်းအတွက် အရမ်းအရေးပါခဲ့ပါတယ်။ ဒါက သူ့ရဲ့သာမန်ပုံစံပါပဲ။ သူက နည်းစနစ်ကြွယ်ဝပြီး အဆုံးသတ်ပိုင်းကို အဓိကလေ့ကျင့်ထားတဲ့ကစားသမားပါ” လို့ပြောကြားခဲ့ပါတယ်။ 

အာတီတာဟာ ယခုပွဲစဉ်မှာ အသင်းရဲ့အဓိက ဂိုးသမား ဒေးဗစ်ရာယာအစား ပြီးခဲ့တဲ့စက်တင်ဘာလက ဘုန်းမောက်မှတစ်ရာသီအငှားနဲ့ခေါ်ယူထားခဲ့တဲ့ နက်တိုကို ပွဲထုတ်ခဲ့ပေမယ့် နိုင်ပွဲရရှိအောင်စွမ်းဆောင်နိုင်ခဲ့တာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့ပါတယ်။ အာဆင်နယ်ဟာ လာမယ့်တနင်္ဂနွေနေ့မှာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် မန်စီးတီးကို အိမ်ကွင်းမှာ ဧည့်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပေမယ့် အသင်းရဲ့အဓိကဂိုးသမား ဒေးဗစ်ရာယာတစ်ယောက် ကြံ့ခိုင်မှုပြဿနာနဲ့ ကြုံတွေ့နေရတာကြောင့် ပါဝင်နိုင်ဖို့ မသေချာတဲ့အခြေအနေမှာရှိနေပါတယ်။ 

ပွဲအပြီး ရာယာရဲ့ကြံ့ခိုင်မှုအခြေအနေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာ အာတီတာက “သူလောလောဆယ်မှာတော့ လုံးဝမကစားနိုင်ပါဘူး။ ဒဏ်ရာရထားပါတယ်။ လောလောဆယ်တော့ ဒါပဲပြောနိုင်ပါတယ်။ တိုးတက်မှုတွေရှိလာမလားဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါဦးမယ်” လို့ဖြေကြားခဲ့ပါတယ်။