
ချဲလ်ဆီးကိုလုပ်ကျွေးနေတယ်ဆိုတဲ့ ဝေဖန်မှုတွေကို အာတီတာပြန်လည်တုံ့ပြန်
ယခုနွေရာသီအတွင်း အာဆင်နယ်ဟာ ချဲလ်ဆီးကစားသမားတွေဖြစ်တဲ့ ကီပါနဲ့ နိုနီမာဒူကီတို့ကို ခေါ်ယူလိုက်တာကြောင့် ပရိသတ်တွေအကြားဝေဖန်မှုတွေနဲ့ကြုံတွေ့နေရပြီး ချဲလ်ဆီးကိုလုပ်ကျွေးနေတယ်လို့ပါ အပြောခံနေရတာဖြစ်ပါတယ်။ သို့သော်လည်း အာတီတာကတော့ အဆိုပါဝေဖန်မှုတွေကို လက်ခံခြင်းမရှိဘဲ အသင်းရဲ့လိုအပ်ချက်ကြောင့်ဖြစ်တယ်လို့ ပြန်လည်တုံ့ပြန်လာခဲ့ပါတယ်။
အာဆင်နယ်ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ချဲလ်ဆီးမှ ကစားသမား ၁၀ ဦးသာခေါ်ယူထားပေမယ့် အာတီတာလက်ထက်မှာတင် ၆ ဦးအထိခေါ်ယူခဲ့တာလည်းဖြစ်ပါတယ်။ ယခုနွေရာသီအတွင်း ကီပါကိုခေါ်ယူခဲ့စဉ်က အာဆင်နယ်ပရိသတ်တွေအနေနဲ့ တစ်စုံတစ်ရာအပြစ်တင်ခဲ့ခြင်းမရှိပေမယ့် ယခု မာဒူကီကိုပါ ထပ်မံခေါ်ယူချိန်မှာတော့ ပြင်းပြင်းထန်ထန်ဆန့်ကျင်ဝေဖန်ခဲ့ကြပါတယ်။
အာတီတာဟာ အသင်းရဲ့တိုက်စစ်ပိုင်းအင်အားဖြည့်တင်းဖို့အတွက်ပြင်ဆင်နေပြီး မာဒူကီကို ချဲလ်ဆီးမှ ပေါင် ၅၂ သန်းအထိအကုန်ကျခံပြီးဝယ်ယူခဲ့တာဖြစ်ပါတယ်။ မာဒူကီနဲ့ ကီပါတို့ မတိုင်မီ အာတီတာဟာ ချဲလ်ဆီးကစားသမားတွေဖြစ်ခဲ့တဲ့ ရာဟင်းမ်စတာလင်၊ ကိုင်ဟားဗတ်ဇ်၊ ဂျော်ဂျင်ဟိုနဲ့ ဝီလီယံတို့ကို အသင်းမှာခေါ်ယူထားခဲ့တာကြောင့် ပရိသတ်တွေက အသင်းဟာ ချဲလ်ဆီးကို လုပ်ကျွေးသလိုဖြစ်နေတယ်လို့ ဝေဖန်ခဲ့ကြတာဖြစ်ပါတယ်။
သို့သော်လည်း အာတီတာက "ကျွန်တော့်အနေနဲ့ ချဲလ်ဆီးကနေကစားသမားတွေဝယ်တယ်ဆိုတာ သူတို့မှာ အရမ်းကောင်းတဲ့ကစားသမားတွေရှိလို့ပါ။ ချဲလ်ဆီးက ကစားသမားကောင်းတွေပိုင်ဆိုင်ထားပါတယ်။ အသင်းအတွက်ခေါ်ယူဖို့ ပစ်မှတ်ထားထားတဲ့ကစားသမားကို ကျွန်တော်တို့သေချာအာရုံစိုက်ပြီး ရွေးချယ်ထားပါတယ်။ မာဒူကီနဲ့လက်တွဲဖို့ အရမ်းစိတ်လှုပ်ရှားနေပါပြီ။ အခုချိန်မှာ သူအနားယူဖို့လိုအပ်နေသေးပေမယ့် မကြာခင်မှာပဲ အသင်းမှာသူ့ကိုမြင်တွေ့ရမှာပါ" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အာဆင်နယ်ဟာ ရာသီကြိုခရီးစဉ်အဖြစ် စင်ကာပူသို့ရောက်ရှိနေပြီး လာမယ့် ကြာသပတေးနေ့မှာ ဥရောပထိပ်သီးကလပ် အေစီမီလန်နဲ့ ခြေစမ်းပွဲစဉ်ကစားသွားရမှာဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ အာတီတာရဲ့အသင်းဟာ နောက်ထပ်ခြေစမ်းပွဲစဉ်တွေအဖြစ် ပရီးမီးယားလိဂ်ပြိုင်ဘက် နယူးကာဆယ်၊ တော့တင်ဟမ်တို့နဲ့ ဆက်လက်ယှဉ်ပြိုင်သွားရပါမယ်။