
ချဲလ်ဆီးရဲ့ အရောင်းစာရင်းထဲပါဝင်လာတဲ့ ဂျက်ဆန်
ချဲလ်ဆီးတိုက်စစ်မှူး နီကိုးလက်စ်ဂျက်ဆန်ဟာ အသင်းမှ ယခုနွေရာသီအတွင်းရောင်းချသွားမယ့် ကစားသမားစာရင်းထဲမှာ ပါဝင်လာကြောင်း သတင်းတွေထွက်ပေါ်လာခဲ့ပြီး ပရီးမီးယားလိဂ်ကလပ်တွေအပါအဝင် အေစီမီလန်ကပါ ကစားသမားကို စိတ်ဝင်စားနေတယ်လို့သိရပါတယ်။
ဂျက်ဆန်အနေနဲ့ ချဲလ်ဆီးရဲ့ ကာလရှည်ပရောဂျက်ထဲမှာ ပါဝင်ခဲ့ပေမယ့် ပြီးခဲ့တဲ့လက အစ်ဆွစ်ချ်တိုက်စစ်မှူး လီယမ်ဒီလပ်ကိုခေါ်ယူလိုက်ပြီးနောက်မှာတော့ အရောင်းစာရင်းထဲသို့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးအတွက်နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ ပွဲအတွင်း အနီကတ် ၂ ကြိမ်အထိပြသခံခဲ့ရတဲ့ ဂျက်ဆန်ကို နည်းပြ အန်ဇိုမာရက်စ်ကာအနေနဲ့လည်း စိတ်ပျက်နေပုံရပြီး ဒီလပ်ကိုသာ ပွဲထွက်ကစားသမားအဖြစ် အခွင့်အရေးပေးနေတာလည်းဖြစ်ပါတယ်။
မကြာသေးမီက အပြောင်းအရွှေ့ကျွမ်းကျင် ဂျာနယ်လစ် ဖာဘရီဇီယိုရိုမာနိုက ယူကျုမှတစ်ဆင့် ဂျက်ဆန်ရဲ့အပြောင်းအရွှေ့ဖြစ်ပေါ်လာနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။ ရိုမာနိုက "နီကိုးလက်စ်ဂျက်ဆန်ရဲ့အခြေအနေကို အာရုံစိုက်ထားဖို့လိုနေပါပြီ။ ဒီနွေရာသီအတွင်း ချဲလ်ဆီးနဲ့ ဂျက်ဆန်တို့ လမ်းခွဲတော့မယ်လို့ ကျွန်တော်ကြားထားလို့ပါ" လို့ပြောကြားခဲ့ပါတယ်။
ဂျက်ဆန်ကို ဥရောပကလပ်တွေသာမက ဆော်ဒီပရိုလိဂ်ကလပ်တွေကပါ စိတ်ဝင်တစားစောင့်ကြည့်နေကြတယ်လို့ သတင်းတွေကဆိုပါတယ်။ ဒါ့အပြင် အေစီမီလန်ကလည်း အသက်-၂၄ နှစ်အရွယ်ကစားသမားကို အသင်းအတွက်ဝယ်ယူဖို့ စိတ်ကူးထားတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ဂျက်ဆန်အနေနဲ့ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံ ၃၇ ပွဲပါဝင်ကစားပြီး ၁၃ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ခြေစွမ်းပိုင်းမှာတော့ တောက်ပြောင်ခဲ့ခြင်းမရှိတာကြောင့် နည်းပြမာရက်စ်ကာရဲ့ မျက်နှာသာပေးခြင်းမခံခဲ့ရပါဘူး။ ချဲလ်ဆီးအသင်းသို့စတင်ရောက်ရှိခဲ့တဲ့ ၂၀၂၃-၂၄ ရာသီမှာတော့ တိုက်စစ်မှူးဟာ ၄၄ ပွဲအထိပါဝင်ကစားခဲ့ရပြီး ၁၇ ဂိုးသွင်းယူကာ တည်ငြိမ်တဲ့ခြေစွမ်းကိုပြသနိုင်ခဲ့ပါတယ်။
ယခုနောက်ပိုင်းပွဲစဉ်တွေမှာတော့ ဂျက်ဆန်ရဲ့ခြေစွမ်းပိုင်းက သိသိသာသာကျဆင်းသွားခဲ့ပြီး အခွင့်အရေးတွေကိုအသုံးချဖို့ရုန်းကန်နေရတာကြောင့် ချဲလ်ဆီးနဲ့လမ်းခွဲရဖို့ အလားအလာများလာခဲ့တာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ မာရက်စ်ကာအနေနဲ့လည်း တိုက်စစ်မှူးသစ်ဒီလပ်ကို ပိုမိုအားကိုးနေပုံရတာကြောင့် လာမယ့်ရာသီ အသင်းရဲ့တိုက်စစ်မှာ ဒီလပ်ကိုသာ အဓိကအသုံးပြုသွားဖွယ်ရှိနေပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ချဲလ်ဆီးဟာ ကလပ်ကမ္ဘာ့ဖလား ဗိုလ်လုပွဲအဖြစ် ချန်ပီယံလိဂ်ကို ပူပူနွေးနွေးဆွတ်ခူးထားတဲ့ ဥရောပချန်ပီယံ ပီအက်စ်ဂျီနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဆုဖလားအောင်မြင်မှုရရှိသွားမလား စောင့်ကြည့်ရပါမယ်။