လီဗာပူးတိုက်စစ်မှူးမိုဆာလက်ရဲ့ဒဏ်ရာအခြေအနေနဲ့ပတ်သက်လို့ အီဂျစ်အသင်းဆရာဝန်ထုတ်ပြောလာ
အီဂျစ်လက်ရွေးစင်အသင်းရဲ့ဆရာဝန် အီဘရာဟင်ဟာဆန်က ဒီရာသီမှာ လီဗာပူးအသင်းအတွက် မိုဆာလက် ထပ်ကစားပေးနိုင်ဖို့မရှိဘူးလို့
မိုဆာလက်က ပြီးခဲ့တဲ့စနေနေ့၊ ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ပေါင်နောက်ကြောဒဏ်ရာ (Hamstring Injury) ရရှိခဲ့ပါတယ်။
ဒဏ်ရာအခြေအနေ ဘယ်လောက်အထိ ပြင်းထန်သလဲဆိုတာကို လီဗာပူးအသင်းဘက်က အခုထိ သတင်းထုတ်ပြန်ခြင်း မရှိသေးပေမဲ့ ဆရာဝန်ဟာဆန်ကတော့ "သူ့မှာ ပေါင်နောက်ကြောကြွက်သားစုတ်ပြဲတဲ့ဒဏ်ရာ ရရှိခဲ့ပြီး ကုသမှုခံယူဖို့အတွက် လေးပတ်လောက် ကြာမြင့်ပါလိမ့်မယ်" လို့ ရိုက်တာသတင်းဌာနဆီ ပြောကြားခဲ့ပါတယ်။
မိုဆာလက်က လီဗာပူးအသင်းမှာ ၉ နှစ်ကြာ ဖြတ်သန်းခဲ့ပြီးနောက် အခုလာမယ့် နွေရာသီမှာ အသင်းမှထွက်ခွာဖို့ ရှိနေပါတယ်။ အကယ်၍ ဆရာဝန်ဟာဆန်ရဲ့ခန့်မှန်းချက်သာ မှန်ကန်မယ်ဆိုရင် မေလနောက်ဆုံးပတ်၊ ဘရန့်ဖို့ဒ်နဲ့ရင်ဆိုင်ရမယ့် ရာသီပိတ်ပွဲစဉ်မှာ အီဂျစ်တိုက်စစ်မှူးပါဝင်ကစားနိုင်ဖို့ ခက်ခဲသွားပါလိမ့်မယ်။