လက်ရှိမန်စီးတီးကစားသမားနှစ်ဦးကို လီဗာပူးမှာ ရှိနေသင့်သူတွေလို့ ဆိုလိုက်တဲ့ စတီဗင်ဂျရတ်
မန်စီးတီးမှာခြေစွမ်းပြနေတဲ့ ဂူဟီနဲ့ ဆီမန်ညိုတို့ကို ကြည့်ပြီး စိတ်ပျက်မိတယ်လို့ လီဗာပူးဂန္ထဝင်စတီဗင်ဂျရတ်က ဝန်ခံပြောကြားလိုက်ပါတယ်။
ကစားသမားနှစ်ဦးလုံးက အခုဘောလုံးရာသီ၊ မန်စီးတီးဆီမပြောင်းရွှေ့ခင် လီဗာပူးအသင်းနဲ့ သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။
ဂျရတ်က TNT Sports ရဲ့ အစီအစဉ်မှာ " တကယ်တော့ သူတို့နှစ်ဦးလုံး လီဗာပူးမှာ ကစားနေရမယ့်သူတွေပါ။ အခုလို အခြားအသင်းမှာကစားပြီး ခြေစွမ်းပြသနေတာကို မြင်တွေ့ရတာ ပိုတောင်စိတ်နာစရာကောင်းပါတယ်။ ဒီကစားသမားနှစ်ဦးလုံးနဲ့ ကျွန်တော်တို့လီဗာပူးအကြား သတင်းတွေ ထွက်ခဲ့ပါသေးတယ်၊ တကယ်လို့သာ သူတို့ ရောက်လာခဲ့ရင် လီဗာပူးအတွက် အများကြီး ထူးခြားသွားပါလိမ့်မယ်။ ဒါကို ကျွန်တော် အရင်ကလည်း အတိအလင်းပြောဖူးပါတယ်။ သူတို့က တကယ့်ထိပ်တန်းကစားသမားတွေပါ။ သူတို့ကိုခေါ်ယူခဲ့တဲ့ ဈေးနှုန်းတွေကလည်း ကြည့်ပါဦး၊ တစ်ဦးက အလွတ်ပြောင်းရွှေ့ကြေးနဲ့၊ နောက်တစ်ဦးကလည်း သိတဲ့အတိုင်း ပေါင် သန်း ၆၀ ပဲ ရှိတာလေ။ ဒီနေ့ခေတ် ကစားသမားဈေးကွက်နဲ့ ကြည့်ရင် သူတို့နှစ်ဦးလုံးအတွက် ပေးချေရတဲ့စျေးနှုန်းတွေက တကယ့်ကို တန်လွန်းပါတယ်။ တကယ်တန်ပါတယ်။ အရည်အသွေးလည်း ရှိတယ်၊ အတွေ့အကြုံလည်း ရှိတယ်၊ ကစားသမားဘဝရဲ့ အကောင်းဆုံးအချိန်တွေကို ရောက်ဖို့ အသင့်ဖြစ်နေတဲ့ နိုင်ငံတကာအဆင့် ကစားသမားတွေပါ။ သူတို့လုပ်ခဲ့တဲ့အရာက မန်စီးတီးအသင်းကို ပိုပြီးတိုးတက်အောင် အချိန်ကိုက်တွန်းပို့ပေးလိုက်တာပါပဲ" လို့ ပြောဆိုသွားခဲ့ပါတယ်။