ဘရန်ဖို့ဒ်အသင်းတန်းဆင်းရမယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ကစားသမားတွေ သိထားကြတယ်လို့ ရှာဒီပြော
ပြီးခဲ့တဲ့နွေရာသီ၊ တော့တင်ဟမ်ဆီ နည်းပြသောမတ်စ်ဖရန့်ခ် ပြောင်းရွှေ့သွားပြီးနောက်ပိုင်း ဘရန်ဖို့ဒ်အသင်း တန်းဆင်းရလိမ့်မယ်ဆိုတဲ့ ပြောဆိုချက်တွေကို ကစားသမားတွေအားလုံး သိထားကြတယ်လို့ တောင်ပံကစားသမားရှာဒီက ပြောကြားလိုက်ပါတယ်။
နည်းပြသစ်ကိတ်အန်ဒရူးစ်ဦးဆောင်နေတဲ့ ဘရန်ဖို့ဒ်အသင်းက ဒီည၊ မန်ချက်စတာယူနိုက်တက်နဲ့ ကစားရမယ့်ပွဲမတိုင်ခင် ဥရောပပြိုင်ပွဲဝင်ခွင့်မျှော်လင့်ချက်ရှိနေတဲ့အသင်းတွေထဲမှာ ပါဝင်နေပါတယ်။
London Evening Standard နဲ့တွေ့ဆုံချိန် ရှာဒီက "အဲဒီမတိုင်ခင် အိုင်ဗန်တိုနေး ထွက်သွားတုန်းကလည်း အခြေအနေ ခက်ခဲသွားလိမ့်မယ်လို့ အားလုံးက ပြောခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရင်ထက်တောင် ပိုကောင်းအောင် ကစားနိုင်ခဲ့ပါတယ်။ ကျွန်တော်ကတော့ ကစားသမားအားလုံးကို သိသလို သူတို့ဘာတွေလုပ်နိုင်လဲဆိုတာကိုလည်း သိနေတော့ ဒါကို အသင်းအတွင်းပိုင်းမှ မြင်နေရတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ အပြင်လူတွေရဲ့ပြောဆိုချက်တွေကို သိပ်ပြီး အလေးအနက်ထားစရာ မလိုပါဘူး" လို့ ဆိုပါတယ်။
ဘာကြောင့် တချို့လူတွေက ဘရန်ဖို့ဒ်ကို တန်းဆင်းမယ်လို့ ခန့်မှန်းခဲ့ကြတာလဲဆိုတာကို သူနားလည်ပေးနိုင်တယ်လို့ ရှာဒီက ဝန်ခံခဲ့ပါတယ်။
"ဟုတ်ပါတယ်၊ ဒါကတော့ ဖြစ်နိုင်ပါတယ်။ ဘာလို့လဲဆိုတော့ နည်းပြရော၊ ဂိုးအများဆုံးသွင်းတဲ့သူတွေပါ ထွက်သွားကြလို့ပါ။ ဒါပေမဲ့ အဲဒီနောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာကိုတော့ သူတို့ မမြင်ကြဘူး။ အီဂေါသီယာဂို ပြန်လာတယ်၊ အူယက်တာရာကိုလည်း ဝယ်ခဲ့တယ်၊ ဒမ့်စ်ဂတ်လည်း ရှိနေသေးတယ်၊ ပြီးတော့ ကျွန်တော်တို့မှာ ခိုင်မာတဲ့ အသင်းဖွဲ့စည်းပုံ ရှိပါတယ်။ နော်ဂတ်က အသင်းခေါင်းဆောင်အဖြစ်မှ အာဆင်နယ်ဆီ ပြောင်းသွားပေမဲ့ နေသန်ကောလင်းနဲ့ မားသီးယပ်စ်ဂျန်ဆန်တို့က အဲဒီတာဝန်ကို ထမ်းဆောင်နိုင်မယ်ဆိုတာ ကျွန်တော်တို့ သိပြီးသားပါ။ ပြီးတော့ ဂျော်ဒန်ဟန်ဒါဆန်လည်း ရောက်လာခဲ့ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
"သူ့ဆီကနေ သင်ယူစရာတွေ အများကြီး ရှိပါတယ်။ ကွင်းထဲမှာ အခြေအနေမကောင်းဖြစ်နေချိန်မျိုးမှာ လူတိုင်းကို တည်တည်ငြိမ်ငြိမ်ရှိအောင်နဲ့ ခြေစွမ်းပြန်ပြနိုင်အောင် တိုက်တွန်းပေးနိုင်တာ သူပါပဲ" လို့လည်း ရှာဒီက ဆက်လက်ပြောကြားခဲ့ပါတယ်။