လီဗာပူးအတွက် ဂိုးသွင်းယူနိုင်ခဲ့လို့ ပျော်ရွှင်ကျေနပ်နေတဲ့ အီဆက်ခ်
ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့လို့ လီဗာပူးတိုက်စစ်မှူးအီဆက်ခ် ဝမ်းသာပီတိဖြစ်နေပါတယ်။ ပြီးခဲ့တဲ့စနေနေ့ပွဲစဉ်မှာ ဆွီဒင်တိုက်စစ်မှူးက လီဗာပူးအတွက် အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့ပြီး သူတို့အသင်းလည်း ၃-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။
liverpoolfc.com နဲ့တွေ့ဆုံချိန် အီဆက်ခ်က "အဲ့ဒီကန်ချက်ကို ဂိုးဝင်မှာမဟုတ်ဘူးလို့ ကျွန်တော်ထင်နေတာ၊ ဒါကြောင့် ကျွန်တော်ဝင်ဖြတ်လိုက်တာမှတဆင့် ဘောလုံးထိချက်ကောင်းသွားပြီး ဂိုးထဲကို ကန်သွင်းနိုင်ခဲ့ပါတယ်" လို့ ဆိုပါတယ်။ "ကြံ့ခိုင်မှုအပြည့်အဝပြန်ရဖို့ ကျွန်တော် ကြိုးစားနေရပါတယ်၊ အခုလို ဂိုးသွင်းနိုင်တယ်ဆိုတာ ကိုယ့်ရဲ့ခြေစွမ်းကို ပြန်ရှာတွေ့ဖို့ အကောင်းဆုံးနည်းလမ်းပဲ ဖြစ်ပါလိမ့်မယ်။ ဒါကြောင့်လည်း ကျွန်တော် တကယ်ကို ပျော်ရွှင်မိပါတယ်" လို့ သူက ဆက်ပြောပါတယ်။
ဂိုးသမား ဖရက်ဒီဝုဒ်မန်းရဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီးတော့လည်း အိုက်ဆက်က အခုလိုပဲ ချီးကျူးစကားဆိုခဲ့ပါတယ်။ "သူ့ရဲ့စွမ်းဆောင်ရည်က တကယ်ကို ပြောင်မြောက်ပါတယ်။ အရန်ခုံမှတဆင့် ဝင်ကစားရတယ်ဆိုတာ ဘယ်တော့မှမလွယ်သလို သူ့လိုနေရာမျိုးမှာ အမြဲအသင့်ဖြစ်နေဖို့ဆိုတာလည်း မလွယ်ပါဘူး။ အခွင့်အရေးဆိုတာ ခဏခဏရတာမျိုး မဟုတ်ပါဘူး။ သူ အခုလို စွမ်းဆောင်နိုင်တယ်ဆိုတာ တကယ်ကို ကြီးကျယ်ပါတယ်။ သူ့အတွက် clean sheet နဲ့လည်း ထိုက်တန်ပါတယ်။ တကယ်ကိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါပဲ" လို့ ပြောကြားခဲ့ပါတယ်။